Homeမြန်မာသတင်း
၁ ဒသမ ၆ ဘီလီယံကျော်သုံး ပြုပြင်နေသည့် ညောင်တုန်းကမ်းနားတာ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး
၁ ဒသမ ၆ ဘီလီယံကျော်သုံး ပြုပြင်နေသည့် ညောင်တုန်းကမ်းနားတာ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး
DVB
·
July 8, 2020
ဧရာတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ် ၃ ရပ်ကွက် ၂၁ လမ်းနဲ့ ၂၂ လမ်းကြား နိမ့်ကျနေတဲ့ ကမ်းနားတာကို ၁ ဒသမ ၆ ဘီလီယံကျော်အသုံးပြုပြီး ပြုပြင်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက ပြောပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ကစ တင်အက်ကြောင်းများဖြစ်ပေါ်လာပြီ အလျား ၆၅၀ ပေ၊ အနက် ၁၂ ပေကျော်နိမ့်ကျခဲ့တဲ့ ညောင်တုန်းကမ်းနားတာကို နယ်သာလန်နိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်း ပြီးပြင်ဆင်နေတာ ၉၀ ရာခိုင်နှုန်းကျော်ပြီးနေပြီလို့ တိုင်းအစိုးရအဖွဲ့ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ကိုပြောပါတယ်။
"မြေသားက တကယ်တမ်းမှာ အောက်ကို ပေ ၁၀၀ လောက် ပျော့နေတာတွေ့ရတယ်၊ အဲ့ဒီတော့ အရမ်းအန္တရာယ်ရှိလို့ ပြည်ထောင်စုဘတ်ဂျက် အရေးပေါ်ရန်ပုံငွေနဲ့ လုပ်ရတာပါ၊ ခုတော့ တော်တော်ပြီးနေပါပြီ"လို့ ပြောပါတယ်။
နိမ့်ကျမှုဖြစ်ပေါ်ခဲ့တဲ့ ကမ်းနားတာပြင်ဆင်နေမှုကို ဇူလိုင် ၄ ရက်နေ့က လာရောက်စစ်ဆေး တာတွေပြုလုပ်ခဲ့သလို ညောင်တုန်းကမ်းနားတာဟာ ပြင်ဆင်တာတွေပြီးသွားခဲ့ရင်လည်း အချိန် ၁ နှစ်ယူကာ ဘာဆက်ဖြစ်တယ်ဆိုတာကို ဆက်လက်စောင့်ကြည့်နေမယ်လို့ ဆိုပါတယ်။
ကမ်းနားတာနိမ့်ကျမှုကို နယ်သာလန်နိုင်ငံက ပညာရှင်တွေနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာန မြစ်ချောင်းဖြိုးဦးစီးဌာနပေါင်းစပ်ပြီး ဒီဇိုင်းပြုလုပ်တည်ဆောက်ခဲ့တာပါ။
ဒါ့အပြင် ညောင်တုန်းမြို့ မြစ်ကမ်းလုံခြုံရေးအတွက်လည်း နယ်သာလန်နိုင်ငံက ပညာရှင်တွေက ဧရာဝတီမြစ်နဲ့ ပန်းလှိုင်မြစ်အဆုံမှာ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ခုပြုပြင်တာက သုတသနလုပ်ငန်းတွေထဲက အစိတ်အပိုင်းတခုဖြစ်တယ်လို့ သိရပါတယ်။
ညောင်တုန်းမြို့မှာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ၁၂ လမ်းထိပ်နဲ့ ၂၀ လမ်းထိပ်က ကမ်းနားတာ နိမ့်ကျမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွင်းမှာတော့ မြစ်ကမ်းပါး ၄ ကြိမ်ပြိုကျခဲ့လို့ နေအိမ် ၁ လုံးပျက်စီးဆုံးရှုံးခဲ့ကာ နေအိမ် ၅ လုံးဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရတယ်လို့ ညောင်တုန်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှူး ဦးစီးမှူးရုံးက သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ထူးခြား (ညောင်တုန်း)