မန္တလေးတွင် မြန်မာသဒ္ဒါ သင်ကြားနည်း သင်တန်း အခမဲ့ ပို့ချ
DVB
·
July 8, 2020
မြန်မာစာ ရေးထုံးသတ်ပုံတွေ၊သဒ္ဒါ အသုံးအနှုန်းတွေ မှားယွင်းမှု များပြားလာကြတာကြောင့် မြန်မာသဒ္ဒါ သင်ကြားနည်း (အခမဲ့ ကုသိုလ်ဖြစ်) သင်တန်းကို ဆယ်ရက်ကြာ ပို့ချပေးနေတယ်လို့ မန္တလေးမြို့ ကံတက်ကုန်း ကျောင်းတိုက် ဆရာတော်က မိန့်ပါတယ်။
"ဘုန်းကြီးတို့ မြန်မာသဒ္ဒါနဲ့ပတ်သက်လို့ သင်တန်းပို့ချတဲ့ခါမှာလည်း ဘုန်ကြီးလေ့လာခဲ့တာက စနစ်ဟောင်း မြန်မာသဒ္ဒါ၊ ငါးတန်းကနေ တက္ကသိုလ်ထိအောင် အဲ့ဒီ စာအုပ်ကို အကုန်လုံးလေ့လာပါတယ်။ ဆရာ ဆရာမတွေဟာ စနစ်ဟောင်းသဒ္ဒါကို အခြေခံ ကို ပိုနားလည်ထားသင့်တယ်။ နားလည်ထားမှ စနစ်သစ်မြန်မာသဒ္ဒါပြဌာန်းစာကောင်းတာတွေကို သူတို့လေ့လာတော့လည်း အဆင်ပြေတယ်။ ကလေးတွေပြန်သင်တော့လည်း အဆင်ပြေတယ်။ အခု ဟာက ဆရာ ဆရာမတွေ အားနည်းချက်က သဒ္ဒါကိုက အားနည်းချက်ရှိပါတယ်။ အဲ့တော့ သင်တန်းပေးလည်း သူတို့က အခြေခံ အားနည်းတော့ သင်တန်းကဥစ္စာကို နားလည်ဖို့ နည်းနည်းတော့ခက်မယ်လို့ ဘုန်းကြီးတို့ ယူဆပါတယ်။ အဲ့တော့ နိုင်ငံတော်ကလည်း ဒီ မြန်မာစာကို အားကောင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ အမျိုးမျိုး အားပေးနေတဲ့အချိန်မှာ ဘုန်းကြီးတို့ကလည်း အားကောင်းစေချင်တဲ့ ဆန္ဒနဲ့ ဘုန်းကြီးတို့ စွမ်းတဲ့ဘက်က အခုလို ကူညီတဲ့ သဘောပါ၊ အဲ့ဒါကြောင့် ဒီသင်တန်းဖွင့်ဖြစ်တာပါ။"
ဒီနေ့ခေတ်မှာ မြန်မာသဒ္ဒါ၊ မြန်မာ ဝေါဟာရ စတဲ့ အသုံးအနှုန်းတွေနဲ့ပတ်သက်တဲ့ သင်တန်းမျိုးတွေ အများအပြားရှိသင့်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က ဆိုပါတယ်။
"မီဒီယာပိုင်းဆိုင်ရာမှာ နံပါတ်တစ် မြန်မာသဒ္ဒါ၊ နံပါတ်နှစ် မြန်မာသတ်ပုံ၊ နံပါတ်သုံး မြန်မာ ရေးထုံး၊ နံပါတ်လေး မြန်မာဝေါဟာရ သင်တန်းတွေ အများကြီးလိုနေတယ်။အခု ကံတက်ကုန်းဆရာတော်ကြီးဖွင့်လှစ်တဲ့ သင်တန်းဆို အင်မတန် ရှားပါးပါတယ်။အဖိုးတန်ပါတယ်။ ဒီလို သင်တန်းမျိုးသည် ရပ်ကွက်ထဲက လူမှုအဖွဲ့အစည်းထဲ၊ လူမှုမီဒီယာတွေထဲမှာ ဒီလိုသင်တန်းတွေ အများကြီး ပျံ့နှံ့လာမှသာ မြန်မာသဒ္ဒါ၊ မြန်မာစကားရဲ့ ဂုဏ်ဒြပ်က ပိုမိုပြီး ပီပြင်လာမှာ ဖြစ်ပါတယ်။"
ဒီသင်တန်းမှာ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးတေဇောဘာသနဲ့ အငြိမ်းစား ပါမောက္ခ ဆရာကြီး ဒေါက်တာမောင်မောင်လေး တို့က သဒ္ဒါပိုင်းနဲ့ ဝေါဟာရပိုင်းကြွယ်ဝစေဖို့ မြန်မာသဒ္ဒါနဲ့ စာစီစာကုံးရေးသားနည်းတွေကို အဓိက သင်ကြားပေးနေတာပါ။
သင်တန်းကိုတော့ ဇူလိုင် ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ဖွင့်လှစ်မှာဖြစ်ပြီး တောင်တွင်းကြီး၊ ကလေးဝ၊ သပိတ်ကျင်း၊ ပြင်ဦးလွင်၊ စလင်း စတဲ့ မြို့က လေ့လာလိုသူတွေနဲ့ မန္တလေးနယ်ခံ ဆရာ ဆရာမ အချို့ တက်ရောက်ခဲ့ကြပါတယ်။
သင်တန်းအတွင်းမှာ စနစ်တကျ နေရာချထားပေးတဲ့အပြင် သင်တန်းကာလ နေဖို့ စားဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း