အမြန်လမ်းတွင် ယာဉ်ငယ်တစီး တိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံး၊ ၂၃ ဦး ဒဏ်ရာရ
DVB
·
July 7, 2020
အမြန်လမ်းပေါ်မှာ လူ ၂၆ ယောက်တင်ဆောင်လာတဲ့ ယာဉ်ငယ်တစီး ဒီနေ့ နေ့လယ်က တိမ်းမှောက်ခဲ့တာကြောင့် ၁ ယောက်သေပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပျော်ဘွယ်မြို့နယ်၊ ပေပင်လေး အမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၇၁/၅ နဲ့ ၂၇၁/၆ ကြားမှာ မွန်းတည့် ၁၂ နာရီအချိန်က ဖြူးမြို့နယ်နေ စန်မဂျေး မောင်းနှင်လာတဲ့ CHANA PICKUP ကားဟာ ညာ နောက်ဘက်ဘီးပေါက်လို့ အရှိန်လွန် တိမ်းမှောက်ခဲ့တာလို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ဆိုပါတယ်။
ကားပေါ်မှာ ယာဉ်မောင်းအပါအဝင် အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၁၂ ယောက် လိုက်ပါလာပြီး အမျိုးသမီးတယောက်ကတော့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
အမျိုးသား ၂ ယောက်ကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာတွေရခဲ့ပြီး နောက်ထပ် အမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့ပါတယ်။
သူတို့ကို ပေပင်လေး အမြန်လမ်းမကြီးရဲစခန်းက တပ်ဖွဲ့ဝင်တွေ၊ အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အထောက်အကူပြု အဖွဲ့တွေက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။