ယူအန်အေ တရုတ်နိုင်ငံကို လေ့လာရေး သွားမည်
နော်နိုရင်း
·
May 24, 2013
တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းရဲ့ ဖိတ်ကြားချက်အရ ယူအန်အေ ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဟာ ဇွန်လဆန်းမှာ တရုတ်နိုင်ငံကို ၁ ပတ်ကျော်ကြာ လေ့လာရေးခရီး သွားရောက်မယ်လို့ ယူအန်အေအဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အရင်က အစိုးရ-အစိုးရခြင်းဆက်ဆံရေးကနေ အခု တိုင်းရင်းသား ပါတီတွေ၊ အတိုက်ခံပါအတီတွေနဲ့ ဖိတ်ကြားတဲ့အပေါ်မှာ ယူအန်အေအဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်က အခုလို ပြောပါတယ်။
“ကျနော်တို့နဲ့ တရုတ်က တခါမှ မဆက်ဆံဖူးဘူး။ အမေရိကားတို့၊ တခြားနိုင်ငံတွေကတော့ ကျနော်တို့နဲ့ မကြာမကြာလာပြီးတော့ ဆွေးနွေးတာတို့ရှိတယ်။ အခုက ပထမဆုံးအနေနဲ့ ကျနော်တို့ တွေ့ရမှာ။ ပြည်တွင်းမှာ တိုင်းရင်းသားရေးရာကလည်း အရေးကြီးပြီး သယံဇာတတွေ ထုတ်ဖော်တဲ့နေရာမှာ တိုင်းရင်းသားတွေနဲ့ ဆက်စပ်နေတာ အများကြီးပါ။”
ယူအန်အေ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ နောက်ထပ်ဆောင်ရွက်မယ့် တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ဖို့ တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၅ ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ၁ ဦး၊ မွန်ဒီမိုကရေစီပါတီက ၁ ဦး၊ ဇိုမီးအမျိုးသားကွန်ဂရက်က ၁ ဦးတို့ လိုက်ပါမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသားပါတီတွေ၊ အမျိုးသားဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီတွေက ကိုယ်စားလှယ်တွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို လေ့လာရေး ခရီးသွားရောက်ခဲ့ကြပါတယ်။