ကာကွယ်ရေးဦးစီးချုပ်နှင့် ဒု-ကာကွယ်ရေးဦးစီးချုပ်တို့ကို ဗြိတိန်က ပိတ်ဆို့ဒဏ်ခတ်အရေးယူ
DVB
·
July 7, 2020
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ဗြိတိန်အစိုးရက Magnitsky Act အရ ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ဇူလိုင် ၆ ရက်က ကြေညာလိုက်ပါတယ်။
ရိုဟင်ဂျာတွေ နဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို အစီအစဉ်တကျနဲ့ ကျူးလွန်ခဲ့တဲ့အတွက် အရေးယူတာလို့ ဖော်ပြထားပါတယ်။
အခုအရေးယူမှုမှာ ရုရှား၊ ဆော်ဒီ နဲ့ မြန်မာနိုင်ငံ လူပုဂ္ဂိုလ် ၄၇ ဦးနဲ့ မြောက်ကိုရီးယားက အဖွဲ့အစည်း ၂ ခု ပါဝင်ပါတယ်။
ပိုင်ဆိုင်မှု၊ ဘဏ်စာရင်းတွေကို ထိန်းချုပ်တာ သိမ်းဆည်းတာတွေ လုပ်ပိုင်ခွင့်ရှိပြီး အဲဒီလူတွေရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ အခုလို ထုတ်ပြန်မှုက သူတို့နဲ့ပတ်သက် ဆက်နွှယ်မှုမရှိတဲ့အတွက်ကြောင့် ထိခိုက်မှုမရှိပေမယ့် ကမ္ဘာနိုင်ငံတွေမှာ မြန်မာတပ်မတော်ရဲ့ ဂုဏ်သိက္ခာထိခိုက်နစ်နာစေပြီး ဒါက နိုင်ငံရေး အာဂျင်တာအရ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။
တပ်မတော်အနေနဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သတ်ပြီးတော့လည်း တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့လုပ်ဆောင်နေပြီး လုပ်ဆောင်ချက်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း အမြဲတမ်း သတင်းထုတ်ပြန်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။