Monday, June 5, 2023
HomeLead Storyမွန်ဂိုလီးယားပြည်နယ်တွင် ပလိပ်ရောဂါ သံသယရှိသူတဦးတွေ့၊ သတိပေးချက် ထုတ်ပြန်

မွန်ဂိုလီးယားပြည်နယ်တွင် ပလိပ်ရောဂါ သံသယရှိသူတဦးတွေ့၊ သတိပေးချက် ထုတ်ပြန်

တရုတ်နိုင်ငံ မွန်ဂိုလီးယားပြည်နယ်က ဘာယန်နူးရ်မြို့ထဲမှာ ဘူဘိုးနစ် ပလိပ်ရောဂါ ကူးစက်ခံ သံသယရှိသူကို တွေ့ရလို့ အဆင့်မြင့်တပ်လှန့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒီပလိပ်ရောဂါ ကူးစက်ခံ သေဆုံးရင် တကိုယ်လုံး မည်းနက်သွားတာမို့ Black death လို့လည်း ခေါ်ပြီး လူ့သမိုင်းမှာ လူအသေအပျောက် အများဆုံး ကူးစက်ကပ်ဘေး ဖြစ်ခဲ့ပြီးတဲ့နောက် ရာစုနှစ်ချီပြီး ဆက်ရှိနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။

တရုတ်မြို့တော် ပေကျင်းရဲ့ အနောက်မြောက်ဘက်က ဘာယန်နူးရ်မြို့ ဆေးရုံက လူနာ အကြောင်းကို စည်ပင်အာဏာပိုင်တွေဆီ ဇူလိုင် ၄ ရက်နေ့က အကြောင်းကြားခဲ့ပါတယ်။

ဇူလိုင် ၅ ရက်နေ့မှာတော့ ဒေသန္တရအာဏာပိုင်တွေက ပလိပ်ရောဂါကူးစက်မှု ဟန့်တားရေး အဆင့် ၃ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတိပေးချက်ကို ၂၀၂၀ နှစ်ကုန်ထိ ဆက်ထားမယ်လို့ တရုတ်အစိုးရမီဒီယာ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ပလိပ်ရောဂါဟာ သန်းကိုက်မှုနဲ့ ကူးစက်ခံ တိရစ္ဆာန်တွေဆီကနေတဆင့် ပြန့်ပွားပါတယ်။

အလယ်ခေတ်က ပလိပ်ကူးစက်ကပ်ဘေးအတွင်း ဥရောပမှာ ခန့်မှန်းခြေ လူသန်း ၅၀ သေဆုံးခဲ့ဖူးပါတယ်။

ရောဂါလက္ခဏာတွေကတော့ နာကျင်တာ၊ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတာ၊ ဖျားတာ၊ ချမ်းတုန်တာနဲ့ ချောင်းဆိုးတာတွေ ဖြစ်လေ့ ရှိပါတယ်။

လူကနေ လူကို ကူးစက်နိုင်မယ့်ဘေးကို လျှော့ချဖို့ တောလိုက်ထွက်တာ၊ ကူးစက်မှုကို ဖြစ်စေတဲ့ တိရစ္ဆာန်တွေကို စားသောက်တာတွေ ရှောင်ကြဖို့ ဒေသန္တရကျန်းမာရေး အာဏာပိုင်တွေက လူထုကို တိုက်တွန်းထားပါတယ်။

တရုတ်နဲ့ အိမ်နီးချင်း မွန်ဂိုလီးယားနိုင်ငံတွေမှာ ပလိပ်ရောဂါ ကူးစေတဲ့ သမိုင်းကြောင်း ရှိခဲ့ဖူးတဲ့ မာမော့ပူးမျိုးစိတ် သေဆုံး၊ ဖျားနာနေတာကို တွေ့ခဲ့ရင် သတင်းပို့ဖို့ကိုလည်း အာဏာပိုင် တွေက သတိပေးထားပါတယ်။

ကမ္ဘာ့တိုက်ကြီးတိုင်းလိုလိုမှာ ပလိပ်ရောဂါ ရှိနေနိုင်ပြီး အထူးသဖြင့် အမေရိကအနောက်ပိုင်း ဘရာဇီး အရှေ့တောင်၊ အာဖရိက၊ တရုတ်၊ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းတွေမှာ ပလိပ်ရောဂါ ကူးစက်မှု ရှိခဲ့ဖူးပါတယ်။

အမြဲလိုလို ရှိနေတယ်လို့ ပြောနိုင်လောက်အောင် ကူးစက်မှု အတွေ့များဆုံး ၃ နိုင်ငံကတော့ ကွန်ဂို၊ မဒါဂတ်စ်ကားနဲ့ ပီရူးနိုင်ငံတွေ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular