အင်္ဂပူမြို့နယ်တွင် ငါမဖမ်းရကာလ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုများ ရှိနေ
DVB
·
July 7, 2020
ငါးမဖမ်းရကာလ သတ်မှတ်ထားပေမဲ့ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ ငါးရစ်ငါးသန်ချိန် အင်းအိုင်ချောင်းမြောင်းနဲ့ မြစ်တွင်းမှာ ငါးဖမ်းဆီးတာရှိနေလို့ တိုင်ကြားခဲ့ပေမဲ့ အရေးယူတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဘက်ထရီရှော့တိုက် ဖမ်းဆီးတာ၊ ပိုက်ချတာနဲ့ ယင်းတားပိုက်တွေနဲ့ ငါးဖမ်းဆီးတာတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။
မြန်မာ့ငါးဖမ်းလုပ်ငန်းက ဧပြီလနှောင်းပိုင်းကနေ ဇွန်၊ ဇူလိုင်လတွေအတွင်းမှာ ငါးမဖမ်းရဘူးလို့ တားမြစ်မိန့်ထုတ်ထားပေမယ့် ငါးရစ်ငါးသန် ဖမ်းဆီးတာတွေကြောင့် ငါးဖမ်းရာသီတွေမှာ ငါးသယံဇာတ ရှားပါးသွားမှာကို ရေလုပ်သားငယ်တွေက စိုးရိမ်နေကြပြီး မြို့နယ်ငါးလုပ်ငန်းကို သွားရောက်တိုင်တန်းကြပေမယ့် အရေးယူတာ မရှိဘူးလို့ အင်းကောက်ကျေးရွာ ဦးကျော်နိုင်က ပြောပါတယ်။
“ကျနော်တို့တွေက ငါးရစ်ငါးမချိန်တွေမှာ ငါးဖမ်းနေတာတွေ့လို့ မြို့နယ်ငါးလုပ်ငန်းကို သွားအကြောင်းကြားတယ်။ နှစ်ခါတောင် သူတို့က အရေးယူတာတွေ မလုပ်ပေးဘူး။ အခုလို ဆက်ပြီး ငါးရစ်ငါးသန်တွေ ဖမ်းနေရင် နောက်ငါးရှာရမယ့်အချိန်တွေကြရင် ငါးရွားပါးပြီး ရေလုပ်သားငယ်တွေ အခက်အခဲတွေဖြစ်နိုင်တယ်လေ။ ကျနော်အနေနဲ့ကတော့ ခုချိန်မှာ အရေးယူပေးစေချင်တယ်။”
အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီး အရာရှိ ဒေါ်မော်မော်ဝင်းက “ကျမတို့ ငါးလုပ်ငန်းလုပ်ငန်း ဌာနက ဧပြီလနှောင်းပိုင်းကစပြီး ငါးမရှာဖို့ ကျေးရွာတွေကို စာထုတ်ထားတယ်။ ပြီးတော့ ခုလက်ရှိ ကျမတို့က အင်းအိုင်တွေမှာ ငါးမဖမ်းရဆိုင်ဘုတ်တွေလို ထောင်တာလုပ်ဆောင်ထားပါတယ်။ ခုလက်ရှိတော့ ပညာပေးတာတွေ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်ဟာ အင်းအိုင်းချောင်းမြောင်း ပေါများပြီး ရေလုပ်ငန်းနဲ့ အသက်မွေးကြသူတွေ အများစုနေထိုင်နေကြတာပါ။ အင်းပေါင်း ၇၀ ကျော်လောက် တည်ရှိပြီး ဧရာဝတီမြစ်၊ ငဝန်မြစ်တို့လည်း ဖြတ်သန်းစီးဆင်းရာ မြို့နယ်တခုလည်း ဖြစ်ပါတယ်။