အမေရိကန်မေဂျာလိဂ် ကစားသမား ၁၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

991
အသင်းကစားသမား ၁၀ ဦးအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီးတဲ့နောက်မှာ FC Dallas အသင်းဟာ အမေရိကန် မေဂျာလိဂ် ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ပါတယ်။
မေဂျာလိဂ်ကို ပြန်လည်စတင်ဖို့အတွက် တနင်္လာနေ့မှာ ကစားသမား ၅၅၇ ဦးကို ဆေးစစ်မှုလုပ်ဆောင်ခဲ့ပြီး အဲဒီထဲကမှ ကစားသမား ၁၃ ဦးမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရပါတယ်။
ဒီကစားသမားတွေထဲမှာ Dallas အသင်းက ၁၀ ဦး၊ Nashville အသင်းက ၂ ဦးနဲ့ Columbus အသင်းက ၁ ဦးတို့ပါဝင်ပါတယ်။
ကစားသမား ၁၀ ဦးအထိ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာကြောင့် Dallas အသင်းဟာ ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်တော့သလို တခြားအသင်းကစားသမားတွေအတွက် အခုလိုမျိုး ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
“ဒီဆုံးဖြတ်ချက်ကို အားလုံးကောင်းဖို့အတွက် ချမှတ်ခဲ့ရတာပါ။ ဒီဆုံးဖြတ်ချက်ကြောင့် ကျနော်တို့ ကစားသမားတွေ ဘေးကင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” လို့ မေဂျာလိဂ် ကော်မရှင်နာကပြောပါတယ်။
မေဂျာလိင်ပွဲတွေကို ဖလော်ရီဒါမှာ ပြန်လည်ကျင်းပမှာဖြစ်ပြီး ဖလော်ရီဒါကို ရောက်ရှိချိန်မှာ ကစားသမား ၆ ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းတွေ့ခဲ့ရတယ်လို့ Dallas အသင်းက ပြောပါတယ်။
ဒါ့ကြောင့် တစ်သင်းလုံး Quarantine ဝင်ခဲ့ရပြီး အကျိုးဆက်အနေနဲ့ Dallas အသင်းရဲ့ ကြာသာပတေးနေ့ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ Dallas အသင်း နုတ်ထွက်ခဲ့ရတာကြောင့် တစ်လကြာကျင်းပဖို့ ရည်ရွယ်ထားတဲ့ မေဂျာလိဂ်ပြိုင်ပွဲက ပွဲစဉ်တွေကိုပြန်လည် ရွေးဆွဲရတော့မှာပဲ ဖြစ်ပါတယ်။
တခြားအသင်းတွေရဲ့ ကစားသမားတွေနဲ့ အဖွဲ့ဝင်တွေဟာ Dallas အသင်းရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ထိတွေ့မှုမရှိခဲ့ဖူးလို့ မေဂျာလိဂ်တာဝန်ရှိသူတွေကပြောပါတယ်။
မေဂျာလိဂ် ပြန်လည်စတင်ရေးအတွက် လိဂ်တာဝန်ရှိသူတွေက ဖလော်ရီဒါကို ရောက်ရှိလာတဲ့ ကစားသမားတိုင်းကို နှစ်ရက်တစ်ကြိမ်ဆေးစစ်မှုခံယူရမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။