၂ နှစ်နီးပါး ရပ်တန့်ခဲ့သည့် JMC-U အစည်းအဝေး ပြန်လည်ကျင်းပ
DVB
·
July 7, 2020
အချိန် ၂ နှစ်နီးပါး ရပ်တန့်နေခဲ့တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးကို ဇူလိုင် ၇ ရက်က နေပြည်တော်မှာ ပြန်လည်စတင်ပြုလုပ်ခဲ့ပါတယ်။
JMC-U အစည်းအဝေးကို နောက်ဆုံးအနေနဲ့ ၂၀၁၈ စက်တင်ဘာလက ပြုလုပ်ခဲ့တာဖြစ်ပြီး အခု ၁ နှစ်နဲ့ ၁၀ လအကြာမှာ (၁၉)ကြိမ်မြောက်အစည်းအဝေးကို ပထမဆုံးအကြိမ်အနေနဲ့ တရားဝင်အစည်းအဝေး ပြန်လည်ပြုလုပ်ခဲ့တာပါ။
အစည်းအဝေးတွေ မပြုလုပ်နိုင်ခဲ့ပေမယ့် အဲ့ဒီကာလအတွင်းမှာ အရပ်သားကိုယ်စားလှယ် တွေရဲ့ ဖြန်ဖြေညှိနှိုင်းမှုတွေကြောင့် ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ခြင်း မရှိဘူးလို့ JMC-U ရဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။
အချိန် ၁ နှစ်နဲ့ ၁၀ လ အတောအတွင်းမှာ ကြီးမားတဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့ခြင်း မရှိဘူးဆိုပေမယ့် NCA စာချုပ်မှာ လက်မှတ်ပါဝင်ထိုးထားတဲ့ အဖွဲ့အစည်းတွေအကြားမှာပါ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
ဒါဟာ JMC ရဲ့ တာဝန်တွေ မလည်ပတ်နိုင်ခြင်းကြောင့်ဖြစ်သလို အဖွဲ့အစည်းအချင်းချင်းကြား ပူးတွဲရမယ့်အစား ပွတ်တိုက်မှုပုံစံဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။
ဒါကြောင့်ပြဿနာတွေကိုသာ ဖော်ထုတ်အငြင်းပွားနေမယ့်အစား အဖြေရှာနိုင်ဖို့ကိုသာ ဦးစားပေးဆွေးနွေးကြဖို့ကိုလည်း JMC-U ရဲ့ ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောပါတယ်။
JMC-U ရဲ့ ၁၉ ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့ ပြုလုပ်နေတာဖြစ်ပြီး အစည်းအဝေးအတွင်း ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေဘတ်ဂျက်ရေးဆွဲနိုင်ရေး၊ အစိုးရဘက်က အဆိုပြုထားတဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ရာထူးအတွက် အတည်ပြုခန့်အပ်ခြင်းနဲ့ EAO တွေဘက်က ဒုတိယအလုပ်အမှုဆောင်ညွှန်ကြားရေးမှူးအဆိုပြုခန့်အပ်နိုင်ရေး၊ အတည်ပြုပြဋ္ဌာန်းထားတဲ့ JMC ဆိုင်ရာ လုပ်ငန်းလမ်းညွှန် (TOP) နဲ့ လုပ်ထုံးလုပ်နည်း (SOP) တွေကို လိုအပ်ပါက ပြန်လည်သုံးသပ်နိုင်ရေး အစရှိတဲ့ ကိစ္စရပ်တွေကို ထည့်သွင်းဆွေးနွေးကြမှာဖြစ်ပါတယ်။