ဒေါ်အောင်ဆန်းစုကြည် မပြိုင်တော့၍ ကော့မှူးတွင် ဝင်ပြိုင်ခြင်းဖြစ်ဟု ဒေါ်စုစုနွေးပြော
DVB
·
July 7, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးကနေ ဝင်မပြိုင်တော့တဲ့အတွက် အဲဒီမဲဆန္ဒနယ်ကို လက်ဆင့်ကမ်းယူဖို့ ဝင်ပြိုင်မှာလို့ တသီးပုဂ္ဂလကိုယ်စားလှယ် ဒေါ်စုစုနွေးက ပြောဆိုပါတယ်။
သူ့အနေနဲ့ ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် မရှိရင် လက်ဆင့်ကမ်းယူမယ်လို့ ပြောဆိုထားပြီးဖြစ်လို့ လယ်သမားထုကိုယ်စား မွေးရပ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ အလုပ်သမား လယ်သမားထုတွေကို ကိုယ်စားပြုပြီး အဲဒီအဖွဲ့ချုပ် ၁၁ ဖွဲ့က ကိုယ်စားလှယ် ၁၁ ယောက် ဝင်ပြိုင်သွားမှာပါ။
ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေ မိတ်ဆက်ခြင်းနဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဇူလိုင် ၆ ရက်နေ့က လှိုင်သာယာမြို့နယ် sky hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
လက်ရှိကိုယ်စားလှယ်တွေအနေနဲ့ လယ်သမားအလုပ်သမားတွေရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်တဲ့အခါမှာ အားနည်းချက်တွေရှိနေပြီး ဒီအကြောင်းတွေကို ကျွမ်းကျင်တဲ့ အဖွဲ့ချုပ်ကိုယ်စားပြုသူတွေ ဝင်ပြိုင်ခြင်းက အလုပ်သမား လယ်သမားတွေရဲ့ အကျိုးစီးပွား ရပိုင်ခွင့်အခွင့်အရေးတွေကို ပိုမိုဆောင်ရွက်စေနိုင်ရေးအတွက် ရည်ရွယ်တာလို့ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်သူတွေက ပြောဆိုခဲ့ပါတယ်။