Home
မြန်မာသတင်း
သထုံမြို့နယ်ထဲ ရိုးရာနှီးခမောက်လုပ်ငန်း လုပ်ကိုင်သူ နည်းလာ
DVB
·
July 7, 2020
မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက ရိုးရာ နှီးခမောက်ရက်လုပ်သူတွေအနေနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားလာတာ၊ လုပ်ငန်းကရရှိငွေနဲ့ စီးပွားရေးမဖြစ်တာကြောင့် လုပ်ငန်းလုပ်ကိုင်သူ ၁၀၀ ကျော်ရှိရာကနေ ၁၀ ဦးလောက်သာ ရှိတော့တယ်လို့ သိရပါတယ်။ ရိုးရာလက်မှုလုပ်ငန်းတခုဖြစ်တဲ့ နှီးခမောက်ရက်လုပ်တဲ့ လုပ်ငန်းကို သထုံမြို့နယ်ထဲက ကျေးရွာတချို့မှာ အရင်ကတွင်ကျယ်စွာလုပ်ကိုင်လာခဲ့ပေမဲ့ နောက်ပိုင်းကာလတွေမှာ ဝင်ငွေရရှိမှုနည်းပါးလာတာ​တဲ့အတွက် လုပ်ငန်းလုပ်ကိုင်လိုသူတွေ နည်းလာပြီး ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်သူများလာတာကြောင့် ရေရှည်မှာ ရက်လုပ်သူမရှိသလောက် နည်းပါးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သထုံမြို့နယ် ဒုံဝန်းကျေးရွာနေသူ ဒေါ်ရီမြက "ဒီလုပ်ငန်းက စီးပွားမဖြစ်ထွန်းဘူးလေ။ တနိုင်တပိုင်လောက်ပဲ လုပ်နိုင်ကြတယ်။ ပုံမှန်စားဝတ်နေရေးအတွက်လောက်ပဲ အထောက်အပံ့ဖြစ်တယ်။ ကျမတို့ ဒီလုပ်ငန်းလုပ်လာတာ နှစ် ၃၀ လောက်ရှိပြီး မကြီးပွားဘူး။ မိသားစုပုံမှန်စားဝတ်နေရေးနဲ့ အလှူအတန်းလုပ်ဖို့လောက်ပဲရတယ်။ နောက်ပိုင်းလူငယ်တွေကျတော့ ဒီလုပ်ငန်းကို စိတ်မဝင်စားကြဘူး။ သွားတတ်လာတတ်တဲ့သူတွေကျ ပြည်ပသွားအလုပ်လုပ်ကြတယ်။ ဒီမှာက မသွားမလာတတ်တဲ့ လူကြီးပိုင်းတွေလောက်ပဲ ကျန်ပြီး ဒီအလုပ်လုပ်နေကြတယ်။ ကိုယ်တွေမလုပ်နိုင်တဲ့အချိန်ကျရင် ဒီလုပ်ငန်းက မျိုးဆက်ပြတ်ပြီပေါ့။ ဒီအလုပ်က မိသားစုအလုပ်လေးဆိုတော့ သူများလိုတော့ နေပူမရှောင်မိုးရွာမရှောင် လုပ်စရာတော့မလိုဘူး။" နှီးခမောက်ရက်လုပ်ဖို့အတွက် ဒေသအခေါ် ရွှေမှုန်ဝါးနဲ့ ဝါးနွယ်ဝါးတွေကို အသုံးပြုရပြီး ဝယ်ယူရရှိလာတဲ့ဝါးတွေကို ခွဲခြမ်းစိတ်ဖြာကာ နှီးဖြာတာ၊ ခွေချတာ၊ ရက်လုပ်တာနဲ့ ဆေးဆိုးခြင်းလုပ်ငန်းတွေလုပ်ဆောင်ပြီးမှ အသင့်ဆောင်းနိုင်တဲ့ နှီးခမောက်ကို ရရှိတာဖြစ်ပါတယ်။‌ေ နှီးခမောက်တွေကို အကြီးအသေးခွဲကာ ဖောက်သည်သွင်းစျေးအဖြစ် အကြီးတစ်လုံးကို ၁၈၀၀ ကျပ်၊ အသေးတစ်လုံးကို ၁၃၀၀ကျပ် နဲ့ ရောင်းချပြီး လက်လီရောင်းချပါက အကြီးတစ်လုံးကို ၂၀၀၀ ကျပ်၊ အသေးတစ်လုံးကို ၁၆၀၀ ကျပ် ရောင်းချတယ်လို့ နှီးခမောက်ယက်လုပ်သူဒေါ်ရွှေမယ်က ပြောပါတယ်။ "ဒီနှစ် ဝါးဝယ်ရတာတွေလည်း စျေးတက်တယ်။ ခမောက်ထုတ်ဖို့ ကုန်ကျစရိတ်များတော့ အဒေါ်တို့အတွက် အမြတ်ကျန်တာနည်းတာပေါ့။ ဒါကြောင့် အိမ်မှာဘဲ ကိုယ်တတ်တဲ့ ပညာနဲ့ ရသလောက်လုပ်နေရတာပေါ့။” သထုံဒေသက ထွက်ရှိတဲ့ နှီးခမောက်တွေကို ဒေသအတွင်းမှာ ရောင်းချတဲ့အပြင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တွေအထိ တင်ပို့ရောင်းချကြတယ်လို့ သိရပါတယ်။ ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024