A d v e r t i s e m e n t With Us

ရီးရဲလ်အသင်းက တိုက်စစ်ပိုကစားလို့ ပင်နယ်တီပိုရတာပါ – အက်သလက်တီကိုနည်းပြ

ရီးရဲလ်မက်ဒရစ်အသင်းဟာ တခြားအသင်းတွေထက် ပင်နယ်တီပိုရနေတာဟာ တိုက်စစ် ပိုကစားလို့ ဖြစ်တယ်လို့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂို ဆီမြွန်နီက ပြောပါတယ်။  ရီးရဲလ်အသင်းကို ဒိုင်လူကြီးတွေက မျက်နှာသာပေးကာ ပင်နယ်တီတွေ ပေးနေတယ်လို့ ဘာစီလိုနာနောက်ခံလူ ပီကေးနဲ့ ဥက္ကဋ္ဌ ဘာတိုမြူတို့က ပြောဆိုခဲ့ပြီးနောက် ဆီမြွန်နီက အခုလိုမျိုး တုံ့ပြန်လိုက်တာပါ။ “VAR ကြောင့် အရာအားလုံးကို မြင်တွေ့နိုင်နေပြီဖြစ်ပါတယ်။ အရင်တုန်းကမြင်ဖို့ မလွယ်ကူတဲ့ အခြေအနေတွေကို အခုချိန်မှာ VAR ကြောင့်မြင်တွေ့နေရပြီဖြစ်ပါတယ်။ ဒိုင်လူကြီးတွေဟာလည်း လူသားတွေမို့လို မှားယွင်းမှုရှိနိုင်ပါတယ်။ ပင်နယ်တီတွေက တရားမျှတမှုရှိပါတယ်။ ခင်ဗျားအသင်းက ပင်နယ်တီတွေ အများကြီးရနေတယ်ဆိုရင် ဒါဟာ ခင်ဗျားကစားသမားတွေပြိုင်ဘက်ရဲ့ ဧရိယာထဲမှာ ရှိနေခဲ့လို့ဖြစ်ပါတယ်။ ခင်ဗျားသာ ရီးရဲလ်အသင်းလို တိုက်စစ်ကစားမယ်ဆိုရင် ပင်နယ်တီရဖို့ အခွင့်အရေးလည်း ပိုများမှာဖြစ်ပါတယ်။”  ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ ဘီဘာအိုနဲ့ပွဲစဉ်ကိုလည်း ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် အနိုင်ဂိုးကို အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က ပင်နယ်တီကနေတဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။  မာဆယ်လိုကို ပြစ်ဒဏ်ကျူးလွန်တယ်လို့ VAR နဲ့ ဆုံးဖြတ်ခဲ့တာကြောင့် ဒိုင်လူကြီးက ရီးရဲလ်အသင်းကို ပင်နယ်တီပေးခဲ့တာဖြစ်ပြီး ဒီပင်နယ်တီကို ရာမို့စ်က ဂိုးအဖြစ်ပြောင်း လဲနိုင်ခဲ့ပါတယ်။ ဒါဟာ ရီးရဲလ်အသင်းအတွက် ရာမို့စ်ရဲ့ ပင်နယ်တီဂိုးနဲ့ နှစ်ပွဲဆက်တိုက်အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဘီဘာအိုနဲ့ပွဲမှာ ရရှိခဲ့တဲ့ ပင်နယ်တီအပါအဝင် ရီးရဲလ်အသင်းဟာ ဒီရာသီလာလီဂါပြိုင်ပွဲမှာ  ပင်နယ်တီ ၉ လုံး ရရှိထားပြီး သူ့အထက်မှာ ဘီဘာကိုအသင်းနဲ့ မာလိုကာ အသင်းတို့က ပင်နယ်တီ ၁၀ လုံးစီနဲ့ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up