Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး တိုးတက်နေဟု ငွေကြေးရန်ပုံငွေအဖွဲ့ပြော
DVB
·
May 23, 2013
မြန်မာ့စီးပွားရေးဟာ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့ကနေ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာ ၆ ဒဿမ ၇၅ ရာခိုင်နှုန်းနဲ့ ဆက်လက် တိုးတက်နေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က မေ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကနေ အသီးအပွင့်တွေအဖြစ် မက်ခရို အကြီးစားစီးပွားရေး တည်ငြိမ်မှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ အခွင့်အရေးတွေလဲ မြင့်မားလာတယ်လို့ အိုင်အမ်အက်ဖ် အကြီးအကဲ မက်တ် ဒေးဗစ်က ပြောထားပါတယ်။ လက်ရှိငွေကြေး လိုငွေပြနေတာထက် ပိုပြီးအရေးကြီးတဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာခြင်းကို ပိုမျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။ အပြုသဘောဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ငွေကြေးလဲလှယ်နှုန်းထားနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ချက်တွေအပြင် ကာလကြာ လျစ်လျူရှုခံခဲ့ရတဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ တိုးမြင့်သုံးစွဲဖို့ ပေးဆောင်ရမယ့် အခွန်ကောက်ခံခြင်းတွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ တိုးပွားလာတဲ့ လူဦးရေနဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ကနေ ကျွန်းသစ်၊ စိုက်ပျိုးရေးထွက်ကုန်တွေအထိ သယံဇာတ ကြွယ်ဝမှုတွေနဲ့ ဈေးကွက်အလားအလာ ကောင်းမွန်မှုတွေကို မြင်နေရပြီဖြစ်ပါတယ်။ ဒါပေမယ့် ရုတ်တရက် အပြောင်းအလဲ မြန်ဆန်မှုဟာ မြန်မာအာဏာပိုင်တွေနဲ့ အဖွဲ့အစည်းတွေအတွက် ကြီးမားလွန်းတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ နိုင်ငံရဲ့မျှော်လင့်ချက် အလားအလာအတွက် စွန့်စားမှုတွေဟာ မက်ခရို အကြီးစားစီးပွားရေးကို စီမံခန့်ခွဲနိုင်စွမ်းကနေ ဖြစ်ပေါ်လာတတ်ပြီး မြန်ဆန်ကျယ်ပြန့်တဲ့ စီးပွားရေး အပြောင်းအလဲကို အားစိုက်ရုန်းကန်ရမှာ ဖြစ်တယ်လို့ ဒေးဗစ်က ဆိုပါတယ်။ လက်ရှိ နှစ်အတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်းကို ၅ ဒဿမ ၅ ရာခိုင်နှုန်းမှာ အသင့်အတင့်ရှိနေတာကို တွေ့နေရပြီး ငွေကြေးတိုးပွားမှု၊ အိမ်ခြံမြေ ဈေးနှုန်းအစစ်အမှန်နဲ့ လုပ်ခလစာ တိုးပေးဖို့အပါအ၀င် ဖိအားတွေ ရှိနေတယ်လို့လည်းပြောပါတယ်။ လာမယ့်လတွေမှာ အဓိကကျတဲ့ ဗဟိုဘဏ်ဥပဒေ အပါအ၀င် ပြုပြင်ပြောင်းလဲမှုတွေမှာ နောက်ထပ်တိုးတက်မှုတွေကိုလည်း မျှော်လင့်နေတယ်လို့ အိုင်အမ်အက်ဖ်က ဆိုပါတယ်။ နည်းပညာပိုင်းအကူအညီနဲ့ အထောက်အပံ့တွေ ပေးနိုင်ဖို့ မကြာခင်မှာ ရုံးခန်းလာဖွင့်တော့မယ်လို့လည်း အိုင်အမ်အက်ဖ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024