တာချီလိတ်တွင် ဒုတပ်ရင်းမှူးနှင့်တပ်ကြပ်တို့ထံမှ စိတ်ကြွဆေးပြား ၂ သိန်းကျော် ဖမ်းမိ
DVB
·
July 6, 2020
တာချီလိတ်မြို့မှာ ဇူလိုင် ၅ ရက်နေ့ နေ့လယ်ပိုင်းက ဗိုလ်မှူးအဆင့်ရှိ ဒုတပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်တစ်ဦးဆီကနေ စိတ်ကြွဆေးပြား ၂ သိန်းကျော် ဖမ်းဆီးရမိတယ်လို့ တာချီလိတ်မြို့မရဲစခန်းက သိရပါတယ်။
မိုင်းယောင်းမြို့ ခမရ(၃၃၄) စစ်ကြောင်း (၂) ဒုတပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်တစ်ဦးဆီက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တပ်သားတစ်ဦးလည်း ပါတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့ ချစ်ကြည်ရေးတံတား အမှတ်(၂)အနီး တောင်ဇလပ်လမ်းသွယ်အကြား ရတနာဟိုတယ်အရှေ့မှာ သတင်းရလို့ မူးယစ်တပ်ဖွဲ့က စောင့်ဆိုင်းနေချိန် Hilux စိမ်းပုတ်ရောင် တစီးကို ရပ်တန့်ရှာဖွေရာမှာ ကားနောက်ခန်းထဲက စိတ်ကြွဆေးပြား ၂ သိန်းကျော်တွေ့ ရှိခဲ့တာလို့ သိရပါတယ်။
မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ဗိုလ်မှူးနဲ့ပတ်သတ်ပြီး တာချီလိတ် စစ်ဗျူဟာ(အခြေချ) က နေ့တွင်းချင်းခေါ်ဆောင်သွားတယ်လို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
“သတင်းရလို့ မူးယစ်တပ်ဖွဲ့နဲ့ စောင့်နေတဲ့အချိန် ကားဝင်လာလို့ စစ်လိုက်တော့ နောက်ခန်း ထဲမှာ စိတ်ကြွဆေးပြားတွေတွေ့ရှိခဲ့တာပါ။ အဲ့ဒီဗိုလ်မှူးကိုတော့ ဗျူဟာက တန်းခေါ်သွားတယ်၊ သူတို့ဆီမှာ စစ်မယ်နဲ့တယ်” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိတဲ့သူ ၂ ဦးကိုတော့ တာချီလိတ်မြို့ ရဲစခန်းမှာ အမှုဖွင့်လှစ်ထားပြီး တပ်မတော်စစ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူဖို့များတယ်လို့ ဆိုပါတယ်။
ကိုဇက်