အသင်းတွင် မက်ဆီ ဆက်ရှိနေမည်ဟု ဘာစီလိုနာဥက္ကဋ္ဌပြော

ဘာစီလိုနာအသင်းကနေ မက်ဆီ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အသင်းခေါင်းဆောင်ဟာ ကစားသမားဘဝ ကုန်ဆုံးတဲ့အထိ အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ ဘာစီလိုနာ ဥက္ကဋ္ဌ ဂျိုဆက်မာရီယာ ဘာတိုမြူက ပြောပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ဒီနွေရာသီ စာချုပ်ကုန်ဆုံးရင် ဘာကာအသင်းကနေ ထွက်ခွာတော့မယ်လို့ Cadena SER သတင်းဌာနက အခုသီတင်းပတ်အစောပိုင်းမှာ ရေးခဲ့ပါတယ်။ ဒါကို ကေလာဟလတခုအဖြစ်သာ အားလုံးက အသိအမှတ်ပြုခဲ့ကြပေမယ့် လက်ရှိ ဘာစီလိုနာအသင်းရဲ့ အခြေအနေအပေါ် မက်ဆီရဲ့ အလိုမကျမှုအပြင် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆိုင်းငံ့ခဲ့တာတွေကြောင့် ဒီကောလဟာလတွေဟာ အားကောင်းလာခဲ့ပါတယ်။  ဒီသတင်းတွေနဲ့ပတ်သက်လို့ မက်ဆီဘက်က တရားဝင်ထုတ်ဖော် မပြောထားပေမဲ့ အသံတိတ်နေမှုက လက်ရှိဥက္ကဋ္ဌ  ဘာတိုမြူအပေါ် အယုံအကြည်မရှိတော့ဘူးလို့ ယူဆနိုင်စရာ ရှိနေပါတယ်။ ဒီအခြေအနေတွေမှာ ဥက္ကဋ္ဌ ဘာတိုမြူရဲ့ရာထူးဟာ မတည်မငြိမ်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌ ရွေးကောက်ပွဲကို လာမယ့်နှစ်မှာကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး ဒီရွေးကောက်ပွဲရလဒ်ဟာ မက်ဆီအသင်းမှာ ဆက်ရှိ၊ မရှိ ဆိုတာနဲ့ ဆက်စပ်မှုရှိလာနိုင်မယ်လို့ ယူဆရပါတယ်။  ဒီအခြေအနေအပေါ်  ဘာတိုမြူက “ကျနော်တို့ အခုချိန်မှာ ပြိုင်ပွဲကိုသာ အာရုံစိုက် လုပ်ဆောင်နေပြီး တခြားကစားသမားတွေနဲ့ စာချုပ်သက်တမ်းအတွက်လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ မက်ဆီဟာ ဒီအသင်းမှာ အစပြုခဲ့တာဖြစ်ပြီး ဒီအသင်းမှာပဲ သူ့ကစားသမားဘဝကို အဆုံးသတ်သွားချင်သူပါ။ သူဟာ နောင်နှစ်တွေ အများကြီး ဆက်ကစားဖို့ ရှိနေပါသေးတယ်” လို့ ပြောပါတယ်။  မက်ဆီဟာ လက်ရှိမှာ သူ့ရဲ့အကောင်းဆုံးပုံစံကို ဆက်လက်ပြသနေဆဲဖြစ်ပြီး ဗီလာရီးရဲလ်အသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ နိုင်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ နှစ်ဂိုးတိတိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up