ချန်ပီယံလိဂ် ဗိုလ်စွဲရန် ရေပန်းအစားဆုံး နှစ်သင်းကို လီဗာပူး နည်းပြ ရွေးချယ်

အခုနှစ် ချန်ပီယံလိဂ်ဖလားကို ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့က ဦးဆောင်နေတယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က သုံးသပ်ပါတယ်။  ကလော့ပ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးကတော့ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါပြီ။  ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်စ်လီဂါကို ပြန်လည်စတင်ခဲ့တဲ့ မေလကတည်းက ၁၁ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့ပြီးတော့ ဘွန်ဒက်စ်လီဂါဖလားအပြင် DFB-Pokal ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာလည်း ပုံမှန်ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။   ဒီနှစ်သင်းစလုံးဟာ လက်ရှိအချိန်မှာ ကွာတားဖိုင်နယ်အဆင့်ကိုတော့ မရောက်ရှိသေးပါဘူး။ ဘိုင်ယန်မြူးနစ်အသင်းဟာ ၁၆ သင်းအဆင့် ရှုံးထွက်ပထမအကျော့မှာ ချဲလ်ဆီးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး မန်စီးတီးအသင်းကတော ရီးရဲလ်အသင်းကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။  ကလော့ပ်က “ကျနော့်အထင် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးကတော့ ဘိုင်ယန်နဲ့ မန်စီတီးပါ။ ဒါဟာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ပြိုင်ပွဲတခုပါပဲ။ သူတို့နှစ်သင်းလုံးက ကောင်းမွန်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းက perfect မဟုတ်သလို၊ ဘိုင်ယန်ကလည်း ဟုတ်ပါဘူး။ ဒီလိုပဲ ကျနော်တို့အသင်းကလည်း perfect မဟုတ်ပါဘူး။ ချန်ပီယံလိဂ်ပြိုင်ပွဲကို အနိုင်ရဖို့ဆိုရင် အသင်းတစ်သင်းဟာ အကောင်းဆုံးနဲ့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေရပါမယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုရင် ကံတရားကလည်း လိုအပ်ပါတယ်။ ချန်ပီယံလိဂ်ဖလား ရယူချင်တဲ့အသင်းဟာ ဖြစ်နိုင်မယ်ဆိုရင် ဗိုလ်လုပွဲအထိအတွက်ကို အကောင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားရပါမယ်” လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။  အခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲကို လာမည့်သြဂုတ်လအတွင်း ပေါ်တူဂီနိုင်ငံမှာ ကမ္ဘာ့ဖလားပုံစံမျိုး ကျင်းပပြီး အဆုံးသတ်မှာဖြစ်ကာ ကွာတားဖိုင်နယ်နောက်ပိုင်းပွဲစဉ်တွေကို လစ္စဘွန်းမြို့မှာ ကျင်းပသွားဖို့ စီစဉ်နေပါတယ်။  ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up