ရေးမြို့နယ်တွင် ငါးဖမ်းရာသီကာလ လူသတ်မှု ယခင်နှစ်ထက် ထက်ဝက်ကျဆင်း
DVB
·
July 6, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ် ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်းခွင်မှာ ရေလုပ်သားအချင်းချင်း စကားများရာကနေ လူသတ်မှုဖြစ်ပွားတာ ယခင် ငါးဖမ်းရာသီနှစ်တွေထက် ထက်ဝက်လောက်ကျဆင်းသွားတယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ငါးဖမ်းရာသီကာလ နှစ်တွေထဲမှ ၂၀၁၈-၂၀၁၉ ခုနှစ် ငါးဖမ်းရာသီကာလမှာ ပင်လယ်ပြင်အတွင်း ရေလုပ်သားတွေ လုပ်ငန်းခွင်မှာ မကျေနပ်မှုတွေကနေစပြီး အချင်းချင်း စကားများရာမှ လူသတ်မှု အမှု ၂၀ အထိ ဖြစ်ပွားခဲ့ပေမယ့် ၂၀၁၉ - ၂၀၂၀ ခုနှစ် ငါးဖမ်းရာသီ ကာလမှာ လူသတ်မှု ၁၀ မှုအထိ ဖြစ်ပွားခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။
ပင်လယ်ပြင်အတွင်း ငါးဦးစီး၊ ရဲနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေကြောင့် ငါးဖမ်းဆီးရာမျာ သတ်မှတ်ချက်တွေနဲ့အညီ လိုက်နာမှုရှိမရှိ၊ ကျွမ်းကျင်တဲ့ ရေ လုပ်သားနဲ့ ကျန်းမာရေးကောင်းမွန်တဲ့ ရေလုပ်သားတွေ ပါဝင်မှု ရှိမရှိ ကွင်းဆင်း အသိပညာပေး တာကြောင့် ပင်လယ်ပြင်အတွင်း လူသတ်မှု ထက်ဝက်လောက် ကျဆင်းသွားတာလို့ ဆိုပါတယ်။
အခု ငါးဖမ်းရာသီ ပိတ်သိမ်းကာလ ဖြစ်ပေမယ့် လာမယ့် ပင်လယ်ပြင် ငါးဖမ်းရာသီမှာ မလိုလားအပ်တဲ့ မှုခင်းတွေ မဖြစ်ပွားဖို့ လူကုန်ကူးခံရမှု ရှိမရှိ၊ တရားဝင် ရေလုပ်သားမှတ်ပုံတင်ထား ရှိခြင်း ရှိမရှိ နဲ့ တရားခံပြေး ခိုးအောင်နိုင်မှု မရှိစေရေး မှုခင်းအသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ရဲအရာရှိက ပြောပါတယ်။
ရေးမြို့နယ်မှာ ကမ်းနီးကမ်းဝေးငါးဖမ်းလှေ ၅၈၂ စီး မှာ ရေလုပ်သား ၅၅၀၀ ကျော်လောက် ပြီးခဲ့တဲ့ ငါးဖမ်းရာသီကာလမှာ ရေလုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြတယ်လို့ ငါးလုပ်ငန်းဦးစီး ဌာန မှတ်တမ်းတွေအရ သိရပါတယ်။
သတင်း - နေမျိုးထွဋ်