ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို တပ်မတော်ထံ UWSA အဖွဲ့ လွှဲပြောင်းအပ်နှံ
DVB
·
July 6, 2020
ထိုင်း-မြန်မာနယ်စပ် နမ့်ယွန်းဒေသမှာ မူးယစ်ဆေးသယ်ဆောင်သူတွေနဲ့ ထိတွေ့ ပစ်ခတ်မှုတွေဖြစ်ပြီး ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ၊ လက်နက်ခဲယမ်းတွေကို UWSA တပ်ဖွဲ့က ဒီနေ့မနက်ပိုင်း တပ်မတော်ကို လွှဲပြောင်းအပ်နှံခဲ့ပါတယ်။
UWSA စစ်ဒေသ ၁၇၁ နိုင်ငံရေးမှူး ဦးဆမ်ပလုန်း(ခ) ဦးအားဖူက “ဇွန်လ ၂၅ ရက်နေ့မှာ တစ်ကြိမ်၊ ဇွန်လ ၃၀ ရက်နေ့မှာ တစ်ကြိမ် မူးယစ်ဆေး သယ်ဆောင်လာသူတွေနဲ့ လှည့်ကင်း ဆောင်ရွက်နေတဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေ ထိတွေ့ပစ်ခတ်ဖမ်းဆီးရမိခဲ့တာပါ။ ကျနော်တို့ ဝ တပ်ဖွဲ့ အနေနဲ့ မူးယစ်တိုက်ဖျက်ရေးကို ထိရောက်စွာ ဆောင်ရွက်နေပါတယ်။ အစိုးရ တပ်မတော်နဲ့လည်း လက်တွဲဆောင်ရွက်သွားဖို့လည်း အသင့်ရှိနေပါတယ်” လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် UWSA ထိန်းချုပ်နယ်မြေ နမ့်ယွန်းမြို့အနီးမှာ UWSA တပ်မဟာ ၂၄၈ တပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ အင်အား ၂၀ လောက် ဇွန် ၂၅ ရက်နေ့ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၂၇၆၅၇၁)ပြား၊ အဖက်တမင်း ၉၀ ကီလိုဂရမ်၊ ဝင်ချက်စတာတစ်လုံးထိုးကျည် ၁၄ တောင့်၊ လက်ကိုင်ဖုန်း ၄ လုံး သိမ်းဆည်းရမိခဲ့ပြီး UWSAတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၃၀ ရက်နေ့ကလည်း ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးကို တပ်မဟာ ၅၁၈ နယ်မြေ ဟွေဟားအနီး ရပ်တန့်ခိုင်းရာ ပစ်ခတ်ထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးမိခဲ့ပြီး WY ပန်းရောင်စိတ်ကြွဆေးပြား ၁ သိန်း၊ ဝင်ချက်စတာတစ်လုံးထိုးသေနတ် ၁ လက်၊ ကျည် ၃ တောင့် ဓားရှည် ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အောင်ဇေယျ