Homeမြန်မာသတင်း
ပင်လောင်းနှင့် တာချီလိတ်တွင် ကျပ်သိန်း ၁၈,၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
ပင်လောင်းနှင့် တာချီလိတ်တွင် ကျပ်သိန်း ၁၈,၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
July 6, 2020
ရှမ်းပြည်နယ် ပင်လောင်းနဲ့ တာချီလိတ်မြို့နယ်တို့မှာ ငွေကျပ်သိန်း ၁၈,၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိခဲ့ပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပင်လောင်းမြို့နယ်၊ ဖိုကုန်းကျေးရွာ၊ လိန်းလီကြိုးတံတားမှာ မြမင်းသူ(ခ) ဇင်မင်းကို မောင်းနှင်လာတဲ့ Alphard အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ငွေကျပ် ၁၆,၂၃၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ယာဉ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၅၉၉,၄၀၀ ပြား၊ အိုက်စ် ၅ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး မြမင်းသူ(ခ)ဇင်မင်းကို အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။
အလားတူ တာချီလိတ်မြို့နယ်မှာလည်း ငွေကျပ် ၁,၆၄၇ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့ လက်နက်/ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ဇူလိုင် ၄ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်လောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအုပ်စု၊ ဟွေပူကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့်အကွာမှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၉,၈၀၀ ပြား၊ ပစ္စတို ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၄ တောင့်၊ ပြောက်ကျားပစ္စတိုအိတ် ၁ အိတ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။