ပင်လောင်းနှင့် တာချီလိတ်တွင် ကျပ်သိန်း ၁၈,၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ရှမ်းပြည်နယ် ပင်လောင်းနဲ့ တာချီလိတ်မြို့နယ်တို့မှာ ငွေကျပ်သိန်း ၁၈,၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိခဲ့ပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပင်လောင်းမြို့နယ်၊ ဖိုကုန်းကျေးရွာ၊ လိန်းလီကြိုးတံတားမှာ မြမင်းသူ(ခ) ဇင်မင်းကို မောင်းနှင်လာတဲ့ Alphard အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ငွေကျပ် ၁၆,၂၃၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ယာဉ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၅၉၉,၄၀၀ ပြား၊ အိုက်စ် ၅ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး မြမင်းသူ(ခ)ဇင်မင်းကို အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။ အလားတူ တာချီလိတ်မြို့နယ်မှာလည်း ငွေကျပ် ၁,၆၄၇ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့ လက်နက်/ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဇူလိုင် ၄ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်လောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအုပ်စု၊ ဟွေပူကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့်အကွာမှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၉,၈၀၀ ပြား၊ ပစ္စတို ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၄ တောင့်၊ ပြောက်ကျားပစ္စတိုအိတ် ၁ အိတ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up