အားကစားနည်း ၁၀ မျိုး တရုတ်နှင့် ပူးတွဲလေ့ကျင့်မည်

ဒီဇင်ဘာ ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် အားကစားနည်း ၃၃ မျိုးရှိတဲ့ထဲ အားကစားနည်း ၁၀ မျိုးကို တရုတ်နိုင်ငံမှာ ရက်ပေါင်း ၉၀ ကြာ စခန်းသွင်းလေ့ကျင့်သွားမယ်လို့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။ ပြေးခုန်ပစ်၊ စက်ဘီး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့၊ အလေးမ၊ ၀ူရှူး၊ ရေကူး၊ ဘောလီဘော၊ လှေ စတဲ့ အားကစားနည်းတွေကို တရုတ်နိုင်ငံမှာ စခန်းသွင်းလေ့ကျင့်မယ်လို့ ဆိုပါတယ်။ ကျန် အားကစားနည်းတွေကိုလည်း သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်တွေရဲ့ အစီအစဉ်နဲ့ နိုင်ငံခြားလွှတ်ပြီး စခန်းသွင်း လေ့ကျင့်သွားဖို့ ရှိတယ်လို့ အားကစားလေ့ကျင့်ရေးနဲ့ ယှဉ်ပြိုင်ရေးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်က ပြောပါတယ်။ “တချို့အားကစားနည်းတွေက တရုတ်လည်းသွားမယ်၊ ကာဇက်စတန်လည်း အဖွဲ့ချုပ်ရဲ့ အစီစဉ်နဲ့ သွားမယ်။ တချို့အားကစားနည်းက ရက် ၉၀ သွားမယ်။ တချို့အားကစားနည်းက ရက် ၉၀ လည်း သွားမယ်။ ကျန်တဲ့နေရာလည်းသွားမယ်။ အဲဒီ ၁၀ နည်းထဲမှာ ပါတဲ့ တချို့အဖွဲ့ကတော့ လက်ဝှေ့ဆိုရင်လည်း ၁၅ ရက်တန်သည်၊ ရက် ၂၀ တန်သည် ကာဇက်စတန်ကိုသွားပြီး လေ့ကျင့်ရေးအတွက် သွားတာရှိတာပေါ့။ တိုက်ကွမ်ဒိုဆိုရင် ကိုရီးယားသွားမယ်။ တချို့အဖွဲ့တွေက ၂ နိုင်ငံ၊ ၃ နိုင်ငံလောက် ရွေးချယ်ထားတယ်။ အဲထဲကနေပြီး အဆင်ပြေတဲ့ နိုင်ငံတွေဆီသွားမယ်။” အားကစားနည်းတိုင်းလိုလို ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နှစ်နိုင်ငံ ပူးတွဲလေ့ကျင့်တဲ့ အစီအစဉ်တွေ လုပ်သွားမယ်လို့ ပြောသွားတာပါ။ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနဲ့ အမျိုးသမီးဘောလုံးအသင်းတို့ကိုလည်း ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ပူးတွဲလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ရှိတဲ့အကြောင်း ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက ပြောပါတယ်။ “အောက်တိုဘာ ဒုတိယပတ်လောက်ကနေ နိုဝင်ဘာ ဒုတိယပတ်လောက်ထိကို ကိုရီးယားနဲ့ ဂျပန်ကိုသွားမယ်။ အဲဒီက ထိပ်တန်းကလပ်တွေနဲ့ ခြေစမ်းပွဲ အနည်းဆုံး ၅ ပွဲကနေ ၈ ပွဲလောက်ထိ ကစားမယ်။ ရန်ကုန်ပြန်လည်ပြီးရင်လည်း ခြေစမ်းပွဲ အနည်းဆုံး ၂ ပွဲလောက်ကစားပြီးမှ ကျနော်တို့ ဆီးဂိမ်းကို စဉ်းစားမယ်။” မြန်မာအမျိုးသားနဲ့ အမျိုးသမီးဖူဆယ် ဘောလုံးအသင်းတို့ကိုလည်း ထိုင်းနိုင်ငံကို စေလွှတ်ပြီး ပူးတွဲ လေ့ကျင့်ဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။ ၂၀၁၃ ခုနှစ် အရှေတောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းကို လာမယ့် ဒီဇင်ဘာလထဲ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင်ကမ်းခြေတို့မှာ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာအားကစားအဖွဲ့ဟာ ပထမ ရွှေတံဆိပ်ဆု ၁၀၀ ကျော်ရရှိဖို့ မျှော်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up