ကိုဗစ်-၁၉ လူနာအမှတ် ၃၁၁၊ ၃၁၂ တို့နှင့် ထိတွေ့ခဲ့သူ ၁၁ ဦးကို Quarantine ထားရှိ
DVB
·
July 5, 2020
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က ကိုဗစ်-၁၉ ပိုးတွေ့လူနာအမှတ် ၃၁၁ နဲ့ ၃၁၂ တို့နှစ်ဦးနဲ့ ထိတွေ့ခဲ့သူ ၁၁ ဦးကို ကမာရွတ်မြို့နယ်ရှိ Quarantine Center ကို ပို့ဆောင်ပြီး အသွားအလာကန့်သတ်ထားတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူး ၃ ဦး၊ ယာဉ်မောင်း ၂ ဦး၊ စာရေး ၁ ဦးနဲ့ ထိတွေ့မှုရှိခဲ့သူ ၅ ဦးတို့ကို ဇူလိုင် ၄ ရက်နေ့ ညပိုင်းက ပို့ဆောင်ခဲ့တာဖြစ်ပြီး ၂၁ ရက် စောင့်ကြည့်သွားမယ်လို့ တိုက်ကြီးမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်သူဦးက ပြောပါတယ်။
လူနာအမှတ် ၃၁၂ က ဥက္ကံမြို့၊ မင်းရဲကျော်စွာရပ်ကွက်က ဖြစ်ပြီး ဇွန် ၂၄ ရက်နေ့က ထိုင်းနိုင်ငံက ပြန်လာသူဖြစ်ပြီး လူနာအမှတ် ၃၁၁ က ရေတွင်းဖြူ ကျေးရွာအုပ်စုက ဖြစ်ပြီး ဇွန် ၂၆ ရက်နေ့က လာအိုနိုင်ငံက ပြန်လာတာလို့ ဆိုပါတယ်။
ဇူလိုင် ၁ ရက်နေ့နဲ့ ၄ ရက်နေ့မှာ တိုက်ကြီးမြို့နယ်က ထိုင်း၊ လာအိုနဲ့ အင်္ဂလန်နိုင်ငံက ပြန်လာသူ အမျိုးသား ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၁၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၄၀ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၂၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၃ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မေသွယ်