မင်္ဂလာဒုံတွင် ငွေကျပ်သိန်း ၄,၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
July 5, 2020
ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်မှာ ငွေကျပ်သိန်း ၄,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၃ ရက်နေ့ မနက်အစောပိုင်း ၅ နာရီလောက်က မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း၊ သာစည်လမ်းမှာ မသင်္ကာဖွယ် ရပ်တန့်ထားတဲ့ ခရီးသည်တင်ယာဉ်ကိုရှာဖွေရာမှ စိတ်ကြွဆေးတွေ ဖမ်းဆီးမိခဲ့တာပါ၊
ယာဉ်ပေါ်မှာ ယာဉ်မောင်း စောသိန်းလင်းကျော်၊ ယာဉ်နောက်လိုက် အောင်နိုင်ဦးနဲ့ အောင်ဖြိုးဦး တို့နဲ့အတူ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက မနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
ကွင်းဆက်အရ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း၊ မြောင်းမြလမ်းမှာ ဝင်းလွင်၊ မလှအေးနိုင်(ခ)မနိုင်နိုင်၊ ဆီဆိုင်မြို့နယ် မင်္ဂလာရပ်ကွက်နေ ပိုင်ဦး၊ ကန့်တန်ရပ်ကွက်နေ မမြတ်မွန်ဦးနဲ့ မင်္ဂလာရပ်ကွက်နေ ခွန်သိန်းထူးလေး(ခ)သိန်းထူးတို့ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
သူတို့ ၈ ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။