ချင်းပြည်နယ်တွင် လူငယ် မဲဆန္ဒရှင် ၇ သောင်းခန့်တိုးလာ
DVB
·
July 5, 2020
ချင်းပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနိုင်မယ့် လူငယ် မဲဆန္ဒရှင် ၇ သောင်းလောက် ထပ်တိုးလာတယ်လို့ သိရတယ်။
သန်းခေါင်စာရင်းအရ လူငယ် မဲဆန္ဒရှင် ၅ သောင်းရှိပေမဲ့ ပြင်ပမှာထွက်ခွာတဲ့ လူငယ်တွေနဲ့ဆိုရင် လူငယ် မဲဆန္ဒရှင် ၇ သောင်းရှိပြီး ပြင်ပကနေ ပြန်လာတဲ့အပေါ်မူတည်ပြီး လူငယ် မဲဆန္ဒရှင် အတိအကျဖော်ပြနိုင်မယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ဦးလင်းကျော်က ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအချိန်က ချင်းပြည်နယ်မှာ မဲဆန္ဒရှင် ၂၇၃၆၇၃ ရှိရာကနေ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၃ သိန်းခွဲလောက် ရှိလာမှာဖြစ်ပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ကာကွယ်ရေးစနစ်နဲ့အညီ မဲရုံတွေလည်း ထပ်တိုးလာမယ်လို့ သိရပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း မဲရုံ ၁၀၃၁ ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံ ၆၃ ခု ထပ်မံတိုးဖို့ ရှိတယ်လို့ ဦးလင်းကျော်က ပြောပါတယ်။
“အခုဟာက ၁၀၉၄ ရုံသတ်မှတ်ပေမဲ့ ကိုဗစ်-၁၉ ကာကွယ်တဲ့အနေနဲ့ မဲဆန္ဒရှင်တွေ လူကျဲကျဲ နဲ့ပေးနိုင်ဖို့ စီစဉ်နေတာဖြစ်တယ်။ အခုလည်း ထပ်တိုးဖို့ရှိသေးလို့ သက်ဆိုင်ရာမြို့နယ်အလိုက် ဒီကိစ္စနဲ့ အစည်း အဝေးလုပ်နေတယ်” လို့ပြောပါတယ်။
လူငယ်မဲဆန္ဒရှင် ၇ သောင်းလောက် ထပ်တိုးလာတဲ့အတွက် လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း လူငယ်မဲဆန္ဒရှင် ၁ သိန်းခွဲလောက် ရှိလာမှာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အရည်အချင်းရှိပြီး တိုင်းပြည်နဲ့လူမျိုးအတွက် တကယ်အလုပ်လုပ်နိုင်မယ့်သူကိုပဲ မဲပေးမယ်လို့ လူငယ်အမျိုးသမီး မိုင်ဗျက်သင်းကြွယ်က ပြောပါတယ်။
တွီဒိမ်း