Homeမြန်မာသတင်း
ထိုင်းမှပြန်လာပြီး ပုသိမ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ခံနေရသူ ၁ ဦး ဆွဲကြိုးချသေဆုံး
ထိုင်းမှပြန်လာပြီး ပုသိမ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ခံနေရသူ ၁ ဦး ဆွဲကြိုးချသေဆုံး
DVB
·
July 4, 2020
ဧရာတိုင်း၊ ပုသိမ်မြို့၊ သမဝါယမသင်တန်းကျောင်းမှာ ပြည်ပနိုင်ငံကပြန်လာသူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်တဲ့နေရာမှာ ဇူလိုင် ၃ ရက်နေ့ ညပိုင်းက အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆွဲကြိုးချသေဆုံးခဲ့တဲ့ အမျိုးသားဟာ ထိုင်းနိုင်ငံကပြန်လာပြီး အသွားအလာကန့်သတ်စောင့် ကြည့်ခံနေရတဲ့ မြန်အောင်မြို့နယ် မဲဇင်းရွာက အသက် ၂၇ နှစ်အရွယ် ကိုနေထက်လင်း ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
"ညက မိုးကလည်း ရွာနေတော့ ကျနော်တို့က အပြင်ဘက်က ကြည့်နေရတာ အသံက သိပ်မကြားရဘူးလေ။ သူက အိမ်သာထဲဝင်သွားပြီး ဆွဲကြိုးချနေတာ၊ တော်တော်ကြာမှ သိရတာ။ အဲ့တာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆက်အကြောင်းကြားပြီး စစ်ဆေးတာတွေ လုပ်ရတာ" လို့ ပြောပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာချိန် သမဝါယမကျောင်းအတွင်းရဲ့ အိမ်သာထဲမှာ ပီနံကြိုးအသုံးပြုပြီး ဆွဲကြိုးချသေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဆွဲကြိုးချသေဆုံးခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားရဲ့ ရုပ်အလောင်းကို ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ စစ်ဆေးတာတွေပြုလုပ်ဖို့ မနေ့ညပိုင်းက ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံကပြန်လာပြီး အသွားအလာကန့်သတ်ကာ ဧရာဝတီတိုင်း ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုပြုလုပ်ပေးနေတဲ့ အမျိုးသား ၁ ဦးလည်း ဇွန် ၁၇ ရက်နေ့ ညနေပိုင်းက ဆွဲကြိုးချသေဆုံးမှု ဖြစ်ခဲ့ပါတယ်။
မင်းထက်မုန်း (ပုသိမ်)