ဒေသခံများကန့်ကွက်နေသော်လည်း ကျောက်ဖြူခေတ်မီအဝေးပြေးကားဂိတ်သစ်အကောင်အထည် ဖော်မည်
DVB
·
July 4, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အဝေးပြေးကားဂိတ်ကို ကျောက်တလုံးအနီး ပြောင်းရွှေ့မှာကို ဒေသခံတွေ ကန့်ကွက်နေကြပေမဲ့ စနစ်ကျပြီး ခေတ်မီတဲ့ အဝေးပြေးကားကြီးကွင်း တခုပေါ်ပေါက် လာဖို့ လုပ်ဆောင်သွားမယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ဒီဗွီဘီကို ပြောပါတယ်။
အဝေးပြေးကားဂိတ်သစ်ဖော်ဆောင်ဖို့ အစီအစဉ်ကို အစိုးရက ပွင့်ပွင့်လင်းလင်းမချပြဘဲ လုပ်ဆောင်နေတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ခဲ့ကြတာပါ။
အဝေးပြေးကားဂိတ်ပြောင်းရွှေ့နေရာချထားမှာကို ဇွန် ၂၂ ရက်နေ့က ဒေသအာဏာပိုင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေ၊ ကားဂိတ်တာဝန်ရှိသူတွေဟာ ကျောက်ဖြူမြို့အထွေထွေအုပ်ချုပ် ရေးမှူးရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တက်ရောက်သူအကုန်လုံးက သဘောမတူဘူးလို့ မ.ထ.သ ယာဉ်လိုင်းဥက္ကဋ္ဌဟောင်း ဒေသခံ ဦးမင်းနောင်က ဒီဗွီဘီကို ပြောပါတယ်။
“အကုန်လုံးစုပြီးဆွေးနွေးပွဲလုပ်တဲ့ အချိန်မှာလည်း လွှတ်တော် ကိုယ်စားလှယ်တွေကအစ ဒီအနေအထားမျိုးပဲ ထောက်ပြကြတယ်၊ ပြောဆိုကြပါတယ်။ ဒီကိစ္စဟာ မညှိနှိုင်း မတိုင်ပင်မပြောမဆိုဘဲနဲ့ မိမိတို့သဘောထားအလျောက် ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး စီမံကြတဲ့ကိစ္စတွေ မဖြစ်နိုင်တဲ့ကိစ္စတွေဖြစ်တယ်။ လက်ရှိအနေအထားသည်လည်း ဒီကားဝင်းသည် ခရီးသွား၊ ခရီးလာအတွက် အဆင်ပြေဆုံးအနေအထားလို့ လူထုတွေရော၊ ဒေသခံတွေရော ခရီးသွားတွေရော လုပ်ကိုင်စားသောက်လူတွေရော အကုန်လုံးက သတ်မှတ်တဲ့အတွက် လက်ရှိအနေအထားသည် မဖြစ်သင့်ဘူး ဆိုပြီး အစည်းအဝေးမှာ ဆုံးဖြတ်ချက်အတည်ပြုခဲ့ကြပါတယ်။ အခုစီမံနေတဲ့အတိုင်း မပြောမဆို ပြောင်းမယ်ရွှေ့မယ် စီမံတဲ့ကိစ္စတွေကို သဘောမတူဘူးလို့ အဲဒီလိုပြောချင်ပါတယ်။”
တိုးရတနာယာဉ်လိုင်းတာဝန်ခံ ဦးခင်ဝင်းမောင်က “အကျယ်အဝန်းအားဖြင့် ဂိတ်အင်အားများတဲ့ တောင်ကုတ်လို၊ သံတွဲလိုနေရာမျိုးတွေထက်တောင်မှ ကားဝင်းကျယ်ပါတယ်။ လက်ရှိဂိတ်အသီးသီး၊ သက်ဆိုင်ရာစျေးဆိုင်ခန်းတွေ၊ ကားဝပ်ရှော့တွေအကုန်လုံး ပြည့်ပြည်စုံစုံ ဒီကားဝင်းထဲမှာရှိတယ်။ ကားဝင်းပြောင်းရလောက်တဲ့ အနေထားထိအောင်တော့ မလိုအပ်သေး ဘူးလို့ ကျနော်ကတော့ မြင်ပါတယ်” လို့ ပြောပါတယ်။
ဒေသခံတွေ အခုလို ကန့်ကွက်နေတဲ့အပေါ် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က လက်ရှိအဝေးပြေးကားကြီးကွင်းဟာ မြေ ၄ ဧကကျော်သာရှိပြီး စနစ်တကျ တည်ဆောက်ထားတာ မဟုတ်တဲ့အတွက် စနစ်တကျနဲ့ အဆင့်မီ တည်ဆောက်ထားတဲ့ အဝေးပြေးကားကြီးကွင်းတခု ပေါ်ပေါက်လာဖို့ ရည်ရွယ်လုပ်ဆောင်နေတာလို့ ပြောပါတယ်။
“တဖြည်းဖြည်းနဲ့ တိုးတက်လာတာနဲ့အညီ များပြားလာတဲ့အခါကျတော့ သိပ်ပြီးတော့ စနစ်တကျနဲ့ မြေနေရာအနေအထားအရ စနစ်တကျနဲ့လုပ်သွားဖို့ မရှိဘူးလို့ မြင်တွေ့ရတဲ့အတွက် နောက်အကောင်အထည်ဖော်လာမဲ့စီမံကိန်းတွေ SEZ လိုဟာမျိုးတွေလာလို့ရှိရင် ပိုပြီးတော့ တိုးတက်လာမှာဖြစ်တဲ့အတွက် စနစ်ကျပြီး အဆင့်မီတဲ့ ယာဉ်ရပ်နားစခန်းတခု လိုတယ်ဆိုပြီး ယူဆတဲ့အတွက် ကျနော်တို့ကျောက်တလုံးနားမှာ အရင်က ဦး ပိုင်ကနေပြီးတော့ ဆားကွင်းလုပ်ခဲ့တဲ့ မြေလွတ် မြေလပ် ၂၁ ဧကမှာ ခေတ်မှီယာဉ်ရပ်နားစခန်း အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတာ” လို့ ပြောပါတယ်။
ခေတ်မီအဝေးပြေးကားဂိတ်သစ် လိုအပ်တာမှန်ပေမဲ့ သွားလာရာမှာ လုံခြုံဘေးကင်းစွာ သွားလာနိုင်ဖို့နဲ့ မြို့နဲ့အလှမ်းဝေးသွားတဲ့အတွက် ကုန်ကျမှုစရိတ်တွေမြင့်မားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။
ဒါ့အပြင် ကားဂိတ်ပြောင်းပါက အဝေးပြေးကားကြီးကွင်းအတွင်း မှီခိုလုပ်ကိုင်စားသောက်သူတွေ အခက်အခဲတွေရှိလာနိုင်တာကြောင့် ကန့်ကွက်နေကြတာလို့ သိရပါတယ်။
နောင်နောင်