Homeမြန်မာသတင်း
မြစ်ရေတိုက်စားသဖြင့် မင်းကင်းအလယ်တန်းကျောင်း ပြိုကျမည့်အန္တရာယ်ရှိ၊ မြေထိန်းနံရံလုပ်ပေး ရန် တောင်းဆို
မြစ်ရေတိုက်စားသဖြင့် မင်းကင်းအလယ်တန်းကျောင်း ပြိုကျမည့်အန္တရာယ်ရှိ၊ မြေထိန်းနံရံလုပ်ပေး ရန် တောင်းဆို
DVB
·
July 4, 2020
ချင်းတွင်းမြစ်ရေတိုက်စားလာမှုကြောင့် စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ပြိုကျပျက်စီးမှာကို ဒေသခံတွေ စိုးရိမ်နေကြပြီး မြေထိန်းနံရံတည်ဆောက်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
ချင်းတွင်းမြစ်ရေတိုက်စားမှုဒဏ်ဟာ နှစ်စဉ် သိသိသာသာတိုက်စားလာတာကြောင့် ကိုယ်ထူကိုယ်ထလုပ်ဆောင်မှုနဲ့ မလုံလောက်နိုင်တော့ဘူးလို့ဆိုပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၁၅ ခုနှစ်တုန်းက ရေကာတာတည်ဆောက်ပေးခဲ့ပေမဲ့ တည်ဆောက်ပြီး မကြာခင် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပျက်စီးသွားပြီးနောက်ပိုင်း ရေတိုက်စားတာ ကာကွယ်ဖို့ ဒေသခံတွေ လုပ်အားနဲ့ နှစ်စဉ်ပြုလုပ်နေပေမဲ့ ထိရောက်စွာ မကာကွယ်နိုင်ခဲ့ဘဲ အခုအခါ စာသင်ကျောင်းနဲ့မြစ်ကမ်းပါး အလွန်နီးကပ်လာတဲ့အတွက် နိုင်ငံတော်ကို အကူညီတောင်းခံရတာလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
မြောက်ချွန်းကျေးရွာနေ မမိုးစန္ဒာဦးက "အခုဆိုရင် မြေကြီးတွေကလည်း ပြိုကျနေပါပြီရှင့်၊ ကျမတို့ ရပ်သူရပ်သားတွေ စုပေါင်းပြီး လုပ်တဲ့အချိန်တောင် မြင်တဲ့အတိုင်းဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ မြေထိန်းနံရံကို အမြန်ဆုံးချပေးဖို့ တောင်းဆိုပါတယ်ရှင့်" လို့ ပြောပါတယ်။
မြောက်ချွန်းကျေးရွာ ဦးဆွေသိန်းက "ဒီကမ်းပါးပြိုတဲ့အတွက် ကျနော်တို့ ကျေးရွာနေပြည်သူများက တနှစ်တခါ သဲအိပ်ဆင့်ပြီး လုပ်နေကြရတာပါ။ ဒီကျောင်းဟာ စိုးရိမ်စရာရှိတယ်" လို့ပြောပါတယ်။
အစိုးရက ၂၀၁၅ မှာ မြေထိန်းနံရံကို ပျဉ်မျောနဲ့ လာလုပ်သွားပေမဲ့ ၂ နှစ်လောက်အကြာမှာ ပျက်စီးသွားတာကြောင့် အခုလို တောင်းဆိုရတာလို့ မြောက်ချွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
“အခုချိန်မှာမြင်တဲ့အတိုင်း တိုင်လေးတွေ တစ်တိုင်နှစ်တိုင်လောက်ပဲရှိတော့တာ။ ဒါကို ရပ်ရွာအင်အား နဲ့ လုပ်မယ်ဆိုတော့လည်း ဘယ်လိုမှမတတ်နိုင်တဲ့အတွက် နိုင်ငံတော်ကို အကူညီတောင်းခံရခြင်းဖြစ်ပါတယ်။ ဒီစာသင်ဆောင်တွေ သဘာဝဘေးကျရောက်သွားမယ်ဆိုရင် ကုန်ကျစရိတ်လည်း မလွယ်ပါဘူး။ အဲဒါကြောင့် မြေထိန်းနံရံကို နိုင်ငံတော်ကချပေးရင် အားလုံးကောင်းသွားမှာပါ” လို့ ပြောပါတယ်။
မြောက်ချွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှာ KG တန်းကနေ ၈ တန်းအထိ ပညာသင်ကြားနေကာ ကျောင်းသားဦးရေ ၁၆၀ ကျော်ရှိပြီး ယောစုရွာ၊ စိုင်သေရွာ၊ မြောက်ချွန်းရွာ စတဲ့ကျေးရွာတွေက ကျောင်းသားကျောင်းသူတွေ လာရောက်ပညာသင်ယူနေကြတာပါ။