ဓာတ်ခွဲနမူနာ ၅၇၅ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ရောဂါပိုးကင်းစင်သူ ၂၃၇ ဦးရှိလာ
DVB
·
July 4, 2020
ဇူလိုင် ၃ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၅၇၅ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ်မတွေ့ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၃၀၃ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၇၂ ခု၊ စုစုပေါင်း ၅၇၅ ခု အား စစ်ဆေးပြီးစီးခဲ့တာပါ။
တပ်မတော်ကတော့ အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာတဲ့ အရာရှိ၊ စစ်သည်တွေထဲက စစ်သည် ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိတယ်လို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီးဆုံးပြီး ဇွန် ၂၆ ရက်က တပ်မတော်လေယာဉ်နဲ့ ရန်ကုန်ကိုပြန်ရောက်လာတဲ့ စစ်သည် ၄၈ ဦး အနက် စစ်သည် ၅ ဦးမှာ ဇွန် ၂၇ နဲ့ ၂၈ ရက်က ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိထားပြီး နောက်ထပ် ၂ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ၊
ကျန်းမာရေးဝန်ကြီးဌာနကလည်း မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၉၈၀ ခုအား စစ်ဆေးရာမှာ အိန္ဒိယက ပြန်လာသူ ၂ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဇူလိုင် ၄ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၃၀၆ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁၄) ဦး (Case- 205, 250, 264, 266, 270, 272, 273, 274, 275, 276, 281, 284, 285 နှင့် 287) ထပ်တိုးလာတဲ့အတွက် ရောဂါပိုးကင်းစင်လာသူ ၂၃၇ ဦးရှိပြီး ဒီအထဲက ၂၁၉ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။