Live
Home
မြန်မာသတင်း
ဖားကန့်မြေပြိုမှုနှင့်စပ်လျဉ်း၍ တာဝန်ရှိသူအဆင့်ဆင့်ကိုဖော်ထုတ်ရန် သမ္မတက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
DVB
·
July 3, 2020
ကချင်ပြည်နယ်၊ ဖားကန့်ရတနာနယ်မြေမှာ  မြေပြိုကျပြီး လူတွေရာနဲ့ချီသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ တာဝန်ရှိသူအဆင့်ဆင့်ကို  စုံစမ်းဖော်ထုတ်ဖို့ ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာ  နိုင်ငံတော် သမ္မတက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း တာဝန်ပေးလိုက်ပါတယ်။ “လုံးခင်း၊ဖားကန့်ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး အဖွဲ့”ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီး ဦးအုန်းဝင်းက ဥက္ကဋ္ဌ အဖြစ် ခေါင်းဆောင်မှာဖြစ်ပြီး မြန်မာကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက အတွင်းရေးမှူး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးထွန်းဇော်က တွဲဖက်အတွင်းရေးမှူး အဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်တို့ကို တာဝန်ပေးထားပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ မြေပြိုကျတဲ့ ဖြစ်စဉ်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ဖို့၊ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူ အဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်ဖို့၊ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်ပေးဖို့နဲ့ နောင်အလားတူမဖြစ်စေဖို့အတွက် လုံခြုံရေးအပါအဝင်ဆောင်ရွက်ရမယ့် အစီအမံတွေကို အကြံပြုတင်ပြရမှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးထံ ဆောလျင်စွာ အစီရင်ခံတင်ပြဖို့လည်း သမ္မတဦးဝင်းမြင့် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာမှာ ပါရှိပါတယ်။  ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ကျောက်မျက်လုပ်ကွက်တစ်ခုမှာ မနေ့မနက် ၈ နာရီလောက်က  မိုးသည်းထန်စွာရွာသွန်းလို့ မြေပြိုကျခဲ့တာဖြစ်ပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ သေဆုံးသူ ၁၇၂ ကျော်နဲ့  ဒဏ်ရာရသူ ၅၄ ကျော်ရှိနေပြီလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖားကန့်ဒေသမှာ မြေပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူတွေသေဆုံးခဲ့ရတာဟာ နိုင်ငံအတွက် ဝမ်းနည်းစရာဖြစ်တဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားထားပါတယ်။ ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024