ဖားကန့်မြေပြိုမှုတွင် သေဆုံးသူ ၁၇၀ ကျော်အထိ ထပ်တိုးလာ
DVB
·
July 3, 2020
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ မြေပြိုကျတဲ့နေရာမှာ သေဆုံးပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဒုတိယနေ့အဖြစ် ဆက်လက်ရှာဖွေနေကြပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ သေဆုံးသူ ၁၇၀ ကျော်ရှိသွားပြီလို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင် ၃ ရက် မွန်းတည့် ၁၂ နာရီကျော်အထိ သေဆုံးသူ ၁၇၂ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး ဒဏ်ရာရရှိသူ စုစုပေါင်း ၅၄ ဦးကို ဖားကန့်ဆေးရုံနဲ့ ဝှေခါတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ကျောက်မျက်လုပ်ကွက်တစ်ခုမှာ မနေ့မနက် ၈ နာရီလောက်က မိုးသည်းထန်စွာရွာသွန်းလို့ မြေပြိုကျခဲ့တာဖြစ်ပြီး ဒီကနေ့လည်း မိုးရွာနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခက်ခက်ခဲခဲ ဆောင်ရွက်နေကြရပါတယ်။
ဖားကန့်ဒေသမှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ သေဆုံးခဲ့ရတာဟာ နိုင်ငံအတွက် ဝမ်းနည်းစရာဖြစ်တဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားထားသလို ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့