မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် တရားလွှတ်တော်ချုပ်၌ လျှောက်လဲ
DVB
·
July 3, 2020
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ တားမြစ်စေ စာချွန်တော်ထုတ်ပြီး ရပ်ဆိုင်းပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဒီကနေ့ ကနေဦး လျှောက်လဲချက်ပေးခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။
မြစ်ဆုံစီမံကိန်းကို ပြည်ထောင်စုတရား လွှတ်တော်ရုံးချုပ်အနေနဲ့ တားမြစ်စေ စာချွန်လွှာ ထုတ်ဆင့်ပြီး ရပ်ဆိုင်းပေးဖို့ ကချင်တိုင်းရင်းသား ၃၀၀ ကျော်ကိုယ်စား ဦးဖိုးဖြူအပါအဝင် တရားလွှတ်တော်ရှေ့နေ ၃ ဦးက ဇူလိုင် ၃ ရက်နေ့မှာ လျှောက်ထားချက် ပေးခဲ့တာပါ။
သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ရပ်ဆိုင်းလိုက်တဲ့ မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးတာ ၊ ရေဝင်ရေလဲပျက်ဆီးလာတဲ့အပြင် နှုန်းမြေတွေ တိမ်ကောလာကာ မြစ်ကြောင်း ပြောင်းလဲလာတာ ရှိနေပါတယ်။
မြစ်ဆုံစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို ကြီးမားတဲ့သက်ရောက်မှု ကျရောက်စေတဲ့ စီမံကိန်းတစ်ခုဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ လေ့လာဆန်းစစ်ဖို့ လိုအပ်သလို လိုက်နာဖို့ လိုအပ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်သိန်းက ပြောပါတယ်။
မြစ်ဆုံစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်နေပါက ဒေသအတွင်း အခြေအနေ ပိုမိုဆိုးရွားနေတာကြောင့် ပြည်သူ့အစိုးရအနေနဲ့ တားဆီးစေဖို့ လျှောက်ထားတောင်းဆိုတယ်လို့ လည်း တရားလွှတ်တော်ရှေ့နေ ဦးမင်းသန့်ဇင်က ပြောပါတယ်။
မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးဖို့ မြစ်ကြီးနားဒေသခံ အယောက် ၃၀၀ ကျော် လက်မှတ်ထိုးထားတဲ့ ထောက်ခံမှုနဲ့ ပြီးခဲ့တဲ့ မတ်လ ၁၃ နေ့က နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို စာချွန်တော် တင်သွင်းခဲ့ပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အထွေထွေလျှောက်ထားမှုနဲ့ အမှုဖွင့်လှစ်ထားပြီး အမှုကို လက်ခံစစ်ဆေးရန် ရှိ ၊ မရှိ ဆုံးဖြတ်နိုင်ဖို့ အတွက် လျှောက်လဲချက်တွေကို ထပ်မံတင်သွင်းသွားဖို့ ရှိနေပါတယ်။
နန့်ခိုင်