အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြင့်နိုင်၏ ညီဖြစ်သူအပါအဝင် ၈ ဦးကိုရုံးထုတ်
ချမ်းမြေ့မောင်
·
July 3, 2020
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (အေအေ) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့ညီဖြစ်သူ အောင်မြတ်ကျော်အပါအဝင် ၈ ဦးကို ဇူလိုင် ၃ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ပါတယ်။
ဒီကနေ့တရားရုံးချိန်းမှာ တရားလိုပြသက်သေ နည်းပညာကျွမ်းကျင်သူ ဒုရဲမှူး မင်းမင်းသူကို စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေက မှုခင်းတပ်ဖွဲ့မှူးရုံးရဲ့ ထင်မြင်ချက်ပြန်ကြားစာကို သက်သေခံ အဖြစ်တင်ပြခဲ့တယ်လို့ အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးအမှုမှာ တရားလိုပြသက်သေ ၁၄ ဦးတင်သွင်းထားရာမှာ ၁၁ ဦးမြောက်အဖြစ် အခုရုံးချိန်းမှာ တရားလိုပြသက်သေ ဒုရဲမှူး မင်းမင်းသူကို စစ်ဆေးခဲ့တာပါ။
ဒီနေ့ရုံးချိန်းမှာ ကိုအောင်မြတ်ကျော်ဆီက သိမ်းဆည်းထားတဲ့ ဖုန်းထဲကအချက်အလက်တွေကို စီဒီခွေထုတ်ပြီး စာရွက်စာတမ်း သက်သေခံအဖြစ်ရုံးတော်ကို တင်ပြခဲ့ပါတယ်။
ကိုအောင်မြတ်ကျော်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေကတော့ ဒီအချက်အလက်တွေဟာ မူရင်းသက်သေခံချက်မဟုတ်ဘဲ ဒုတိယသက်သေခံချက်ဖြစ်တဲ့အတွက် ဥပဒေနဲ့မညီညွတ်ကြောင်းတင်ပြခဲ့သလို အောင်မြတ်ကျော်ထံကသိမ်းဆည်းထားတဲ့ဖုန်းကို မူရင်းအတိုင်း ဟုတ်မဟုတ် ပါဝါဖွင်ပြီး ပြဖို့ တရားရုံးကိုတောင်းဆိုထားပါတယ်။
ဒီအမှုမှာ စာရွက်စာတမ်းသက်သေခံနဲ့ပတ်သက်ပြီး တရားရုံးကလက်ခံ၊ မခံကိုတော့ လာမယ့်သီတင်းပတ် ဇူလိုင် ၁၀ ရက်နေ့ရုံးချိန်းမှာ တရားရုံးက ကြားဖြတ်အမိန့်ချမှတ်မယ်လို့ သိရပါတယ်။
အေအေအဖွဲ့ကို ငွေကြေးထောက်ပံ့တာ၊ ထောက်ခံအားပေးတာတွေပြုလုပ်တယ်ဆိုပြီး ရခိုင်-စင်္ကာပူ အသင်းခေါင်းဆောင်တွေဖြစ်တဲ့ ကိုအောင်မြတ်ကျော်ပါ ၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီအမှုဟာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ၅၂ (က)နဲ့ စွဲဆိုထားတဲ့ အမှုလည်းဖြစ်ပါတယ်။