Home
မြန်မာသတင်း
ဓညဝတီရေတပ်စခန်းကဖမ်းထားသည့် လူငယ် ၉ ဦးကို တွေ့ခွင့်ပေးရန် မိသားစုဝင်များတောင်းဆို
DVB
·
July 3, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာနေ လူငယ် ၉ ဦးကို ဇွန်လ ၂၆ ရက် ညနေက ဓညဝတီရေတပ်စခန်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် အဆက်အသွယ်မရတော့တဲ့ အတွက်  မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ လူငယ် ၉ ဦးကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးဖို့နဲ့ ပြန်လွှတ်ပေးဖို့ကို တောင်းဆိုတယ်လို့ ဖမ်းဆီးခံထားရတဲ့ ကိုလှမောင်သန်းရဲ့ အစ်မဖြစ်သူ ကပ်သပြေကျေးရွာနေ ဒေါ်လှခင်ဦးက ပြောပါတယ်။ “အဲဒီနေ့က အပြင်ကိုထွက်သွားတာပေါ့။ လူငယ်ဆိုတော့ အပြင်မှာ ကွမ်းစား၊ ဆေးလိပ်သောက်ဆိုပြီးသွားခဲ့တယ်။ အဲဒီမှာ ဝိုင်းပြီးစကားပြောနေကြတာကို သူတို့ ဆွဲတင်သွားတယ်လို့သိရတယ်။ ကျမ အဲဒီတုန်းက ရွာမှာရှိတယ်၊ ဘယ်သူတွေ ပါသွားတယ်ဆိုတာကိုလည်း မသိဘူး။ နောက်တော့ လိုက်ပြီး စုံစမ်း ကြည့်တဲ့အခါမှာ ၉ ယောက်ပါသွားတယ်ဆိုပြီးတော့ သိရတယ်။ ကျမ မောင်လေးအပါအဝင် လူငယ် ၉ ယောက်ကို လူလည်းတွေ့ချင်တယ်၊ လွတ်မြောက်စေချင်တာပေါ့။ မိဘတွေကလည်း စိုးရိမ်ပူပန်နေကြတာပေါ့။ တပ်ကိုသွားတော့လည်း မတွေ့ရဘူး။ အဝတ်အထည်နဲ့ အစားအသောက်ကိုတော့ ပေးလို့ရတယ်” လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲက မောင်ငယ်ရဲ့မိခင်ဖြစ်သူ ဒေါ်ကြွက်မဖြူ က “အဲဒီနေ့မှာပေါ့ ကျမရဲ့သားက ကိုယ့်အိမ်မှာထမင်းစားပြီးတော့ ထွက်သွားတယ်။ ရွာသစ်မှာရှိတဲ့ ကွမ်းယာဆိုင်မှာ ကွမ်းဝယ်စားဖို့သွားတယ်။ အဲဒီမှာ မန်းကျည်းပင်ရှိတယ် ကျောင်းနားမှာပေါ့။ အဲဒီနားမှာ လူငယ်တွေ စုပြီးနေကြတာပေါ့၊ အဲဒီအချိန်မှာ ကားက လာပြီးတော့ ဖမ်းသွားခဲ့တယ်။ ကားပေါ်က လူတွေက တက်တက်ဆိုပြီးပြောတော့ တက်ကြတာပေါ့၊ အဲဒီအချိန်မှာ ကျမကလည်း ချောင်းကိုသွားနေတဲ့အချိန်ပေါ့။ ပြန်လာတဲ့အချိန်မှာ ကလေးတွေကိုဖမ်းသွားပြီဆိုပြီး ပြောကြ တယ်။ အဲဒီအချိန်မှာ သေနတ် နှစ်ချက်ပစ်သံလည်း ကြားလိုက်ရတယ်။ ကျမတို့က ကလေးတွေဖမ်း သွားတဲ့အတွက် တွေ့ချင်လို့ သစ်ပုတ်တောင်ကို လိုက်သွားတော့ အဝတ်အထည်နဲ့ စားစရာတွေပဲ ပေးခဲ့ရတယ်။ ကျမတို့ကတော့ ကိုယ်ရဲ့သားနဲ့တွေ့ချင်တယ်၊ အခုကျတော့ သေသွားပြီလား ဘာဖြစ်နေလည်းဆိုတာကို လည်း အတိအကျမသိရဘူးပေါ့”လို့ ပြောပါတယ်။ ဇွန်လ ၃၀ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကျောက်ဖြူမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး အတွက် ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းတစ်ခုမှ သိုင်းချောင်း-သစ်ပုတ်တောင်သွား ကားလမ်းပေါ်မှာ ကပ်သပြေကျေးရွာနေသူ အေအေအဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်သူ ၇ ဦးကို မင်္သကာဖွယ်ရာ အထောက်အထားတွေနဲ့ ဖမ်းဆီးရမိပြီး ကျောက်ဖြူ မြို့မရဲစခန်းကို ဥပဒေအရအရေးယူဆောင်ရွက်နိုင်ဖို့ကို လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။ ကပ်သပြေကျေးရွာသား ၉ ဦးကို ဓညဝတီရေတပ်စခန်းမှ ဖမ်းဆီး ခေါ်ဆောင် သွားတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီနဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုခဲ့တာ မရှိပါဘူး။ အဆိုပါ လူငယ် ၉ ဦး ဖမ်းဆီးခံရပြီးနောက် ကျေးရွာနေသူတချို့မှာ ထပ်မံဖမ်းဆီးခံရမှာ ကိုစိုးရိမ်တာကြောင့် ကျောက်ဖြူမြို့ပေါ်ကိုထွက်ပြေးတိမ်းရှောင်လာခဲ့ကြပါတယ်။ ဇွန်လ ၃၀ ရက်နေ့ကလည်း ဓညဝတီရေတပ်စခန်းမှ လစာငွေသွားထုတ်တဲ့ တပ်မတော် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့တာကြောင့် အနီးအနား ကျေးရွာတွေက ဒေသခံတွေ စိုးရိမ်ထိတ်လန့်ကာ ကျောက်ဖြူမြို့ပေါ်ကိုထွက်ပြေး တိမ်းရှောင်လာကြတဲ့အတွက် စစ်ရှောင်ဦးရေဟာ ၃၀၀ ကျော်ထိ ရှိလာနေပြီဖြစ်ပါတယ်။ သတင်း- နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024