အိန္ဒိယနှင့်တရုတ်တပ်ဖွဲ့ ပဋိပက္ခဖြစ်ခဲ့သည့် ဟိမဝန္တာမြောက်ပိုင်းသို့ ဝန်ကြီးချုပ်မိုဒီ သွားရောက်

2.5K
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီဟာ အိန္ဒိယနဲ့တရုတ် တပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ခဲ့တဲ့ ဟိမဝန္တာ မြောက်ပိုင်း လာဒက်ဒေသကို ဇူလိုင်လ ၃ ရက်က ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။
အဲဒီပဋိပက္ခမှာ အိန္ဒိယတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးပြီး ၇၆ ယောက်ထက် မနည်း ဒဏ်ရာရခဲ့ပါတယ်။ တရုတ်တပ်ဖွဲ့ဝင်တွေ ကျူးကျော်တယ်လို့ အိန္ဒိယက ယူဆထားတဲ့ ဒီပဋိပက္ခအပေါ် တုံ့ပြန်မှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် မိုဒီဟာ ဝေဖန်ခံနေရပါတယ်။
အိန္ဒိယ-တရုတ် နယ်စပ် လာဒက်ဒေသကို သွားရောက်ရာမှာ ဝန်ကြီးချုပ် မိုဒီနဲ့အတူ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကြည်းတပ်ဦးစီးချုပ်တို့ အတူလိုက်ပါခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လာဒက်ဒေသရောက်လာတဲ့ ဝန်ကြီးချုပ် မိုဒီဟာ နီမူအရပ်က အိန္ဒိယတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဇွန်လ ၁၅ ရက် ဂေါ်ဝမ်တောင်ကြားမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ အိန္ဒိယနဲ့ တရုတ် နှစ်ဘက်စလုံးက အပြန်အလှန် အပြစ်ဖို့ကြပါတယ်။
နျူးကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ အိန္ဒိယနဲ့တရုတ် အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ်တလျှောက် နှစ်နိုင်ငံ တပ်တွေကို ချထားပြီး ပဋိပက္ခ အရှိန်လျော့ရေးအတွက် စစ်ရေးနဲ့ သံတမန်ဆိုင်ရာ ဆွေးနွေးပွဲတွေ လုပ်နေတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။