Live
Home
မြန်မာသတင်း
ဖားကန့်တွင် ကျောက်တွင်းပြို၊ လူ ၃ ဦး သေဆုံး
နန်းမြနဒီ
·
May 22, 2013
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲမှာ ကျောက်တွင်း မြေပြိုတဲ့အတွက် လူ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားပါတယ်။ ဖားကန့်မြို့မြောက်ဘက် ၄ မိုင်အကွာ လုံးခင်းကျေးရွာအုပ်စုထဲက မော်ဆီစာဒေသမှာ မေ ၂၁ ရက်နေ့ မနက် ၈ နာရီကျော်က ကျောက်တွင်းပြိုကျတဲ့အတွက် သေဆုံးဒဏ်ရာရခဲ့တာလို့ လုံးခင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပါတယ်။ “ကျင်းတူးတဲ့အခါ မိုးကရွာတော့ မြေပြိုကျတာ။ ဒဏ်ရာရသူက တော်တော်လေးများတယ်။ သေတဲ့သူတွေကလည်း တကယ့်ကို ဆိုးဆိုးဝါးဝါး ဖြစ်ပြီး သေတာ။” သေဆုံးသူတွေဟာ  ရခိုင်လူမျိုး  ၂ ဦးနဲ့ မရမာကြီးလူမျိုး  ၁ ဦးတို့ဖြစ်ပြီး  အသက် ၁၈ နှစ်နဲ့ ၃၀ ကြား လူငယ်တွေဖြစ်ကြောင်း၊ ၂ ဦးကို မနေ့က ကူညီသင်္ဂြိုဟ်ပေးခဲ့ပြီး ကျန် ၁ ဦးက အလောင်းပိုင်ရှင်စောင့်နေကြောင်း၊ ဆေးရုံရောက်သူ ၁ ဦးလည်း ဒဏ်ရာပြင်းထန်တယ်လို့ ဦးတင်စိုးက ပြောပါတယ်။ ဖားကန့်ဒေသခံအမျိုးသမီးတဦးက ဖားကန့်မှာ မကြာခဏ ကျောက်တူးရင်း မြေပြိုလေ့ရှိပြီး မိုးရွာတဲ့အချိန် အဖြစ်များကြောင်း၊ ပြီးခဲ့တဲ့ လတုန်းကလည်း မော်ဆီစာမှာ ကျောက်တွင်းပြိုပြီး လူ  ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၂ ဦးကို မြစ်ကြီးနားနဲ့ ဖားကန့် ဆေးရုံတွေမှာ တင်ထားရတယ်လို့ ပြောပါတယ်။ ကျောက်တူးလုပ်ငန်းဟာ ဒီလို အန္တရာယ်များရုံတင်မက အစိုးရစစ်တပ်ကလည်း တနိုင်တပိုင် ကျောက်တူးသူတွေကို လိုက်လံဖမ်းဆီးနေပေမယ့် ဒီဒေသက လူတွေဟာ  စားဝတ်နေရေးအတွက် တခြားရွေးစရာမရှိတော့ စွန့်စားပြီး လုပ်နေရကြောင်း၊ နေ့ခင်းဘက် တူးရင် အဖမ်းခံရမှာစိုးလို့ အများအားဖြင့် ညအချိန် ခိုးတူးတဲ့အတွက် ပိုအန္တရာယ်များတယ်လို့ ဆိုပါတယ်။ ဖားကန့်ဒေသမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဘေးအန္တရာယ်တားဆီးရေးအတွက် သတ္တုတွင်းဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် မေလကစပြီး  ကျောက်စိမ်းတူးဖော်ခွင့်  ပိတ်ပင်ထားတာပါ။ အစိုးရအနေနဲ့ ခုလိုလုပ်ဆောင်တာ မှန်ကန်ပေမယ့်လည်း တဖက်က ပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့ အခြားအလုပ်အကိုင်အခွင့်အလမ်းတွေပါ ဖန်တီးပေးသင့်တယ်လို့ ဦးတင်စိုးက ပြောပါတယ်။ ကျောက်စိမ်းထွက်တဲ့ ဖားကန့်ဒေသမှာ အရင်က ကျောက်တူးကုမ္ပဏီတွေ ရာနဲ့ချီ လာရောက်လုပ်ကိုင်ခဲ့ပြီး အနယ်နယ်အရပ်ရပ်ကလာပြီး ကျောက်တူးသူတွေလည်း သောင်းချီရှိတယ်လို့ ဆိုပါတယ်။ မနှစ်က ဖားကန့်ဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေတို့ အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတချို့လည်း ကျောက်စိမ်းလာတူးကြတယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024