ဘာစီလိုနာအသင်းဟာ မက်ဆီတဦးတည်းအပေါ်ကို မှီခိုနေလို့ မရပါဘူး – ရီဗယ်ဒို

ဘာစီလိုနာအသင်းဟာ လီယွန်နယ်မက်ဆီရဲ့ ခြေစွမ်းတခုတည်းအပေါ် မှီခိုအားထားလို့မရနိုင်ကြောင်း အသင်းရဲ့ဂန္တဝင်ကစားသမားဖြစ်သူ ရီဗယ်ဒိုက ပြောပါတယ်။  တိုက်စစ်မှူးတဦးဖြစ်တဲ့ အန်တိုနီယိုဂရစ်ဇ်မန်းကို အရန်ခုံပို့ထားတဲ့ ဆုံးဖြတ်ချက်အပေါ် နားမလည်နိုင်ဘူးလို့ သူကဝေဖန်ပါတယ်။  အက်သလက်တီကိုအသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်းက ၂၀၁၉ နွေရာသီမှာ ဝယ်ယူကာ တိုက်စစ်အင်အားကိုဖြည့်တင်းခဲ့ပါတယ်။  ကမ္ဘာ့ဖလားချန်ပီယံ ဂရစ်ဇ်မန်းကို မက်ဆီ၊ ဆွာရက်တို့နဲ့တွဲဖက်ကာ အရင်က နေမာလိုမျိုး အသင်းမှာ အစွမ်းပြဖို့ ရည်ရွယ်ချက်နဲ့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။  ဘာကာအသင်းဟာ ကစားသမားဟောင်း နေမာကို ပြန်လည်ခေါ်ယူဖို့အတွက် ကြိုးစား ခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် နောက်ထပ်ပစ်မှတ် ဂရစ်ဇ်မန်းကို ခေါ်ယူခဲ့တာပါ။ ပြင်သစ်သားဟာ ဘာစီလိုနာအသင်းကိုရောက်စမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒီရာသီတခုလုံးမှာ သူ့ခြေစွမ်းအပြင် သူနဲ့မက်ဆီတို့ကြားက ဆက်ဆံရေးဟာ မေးခွန်းထုတ်စရာအခြေအနေဖြစ်ခဲ့ပါတယ်။  အက်သလက်တီကိုအသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဘာကာနည်းပြ ဆတ်တီယန်က ဂရစ်ဇ်မန်းကို ပွဲချိန် မိနစ် ၉၀ မှ  အသုံးပြုခဲ့ပြီး လာလီဂါချန်ပီယံဆုအတွက် အရေးပါတဲ့ဒီလိုပွဲစဉ်မှာ ဂရစ်ဇ်မန်းကို ပြီးခါနီးမှ ထုတ်သုံးခဲ့ခြင်းပေါ် ရီဗယ်ဒိုက မေးခွန်းထုတ်ခဲ့ပါတယ်။  ရီဗယ်ဒိုက “ဂရစ်ဇ်မန်းကိုအသုံးပြုဖို့အတွက် မိနစ် ၉၀ အထိစောင့်နေစရာမလိုအပ်တာပါ။ အက်သလက်တီကိုအသင်းမှာ နှစ်ပေါင်းများစွာ စတားဖြစ်ခဲ့တဲ့ သန်းပေါင်းများစွာတန် ကမ္ဘာ့ချန်ပီယံကစားသမားကို ဒီလိုအရေးကြီးတဲ့ပွဲမျိုးမှာ နောက်ဆုံးမိနစ်ကိုရောက်မှ ထုတ်သုံးခဲ့တဲ့အပေါ် နားမလည်နိုင်ပါဘူး။ သူ့ကိုထုတ်မသုံးခဲ့တာက အသင်းမှာ ပြဿနာတခုခုရှိနေပြီဆိုတာကို ဖော်ပြနေပါတယ်။ ဒီလိုမသုံးခဲ့တာက ဂရစ်ဇ်မန်းဟာ အသင်းအတွက် အရေးမပါတဲ့ ခေါ်ယူမှုတခုဆိုတဲ့ အဓိပ္ပာယ်မျိုးသက်ရောက်နေပါတယ်။ လက်ရှိ ဘာကာအသင်းရဲ့အခြေအနေက စိုးရိမ်ဖို့ကောင်းနေပါတယ်။ သူတို့ဟာ လာလီဂါချန်ပီယံဆုကို ဆုံးရှုံးဖို့လက် တစ်ကမ်းအလိုကို ရောက်ရှိနေပါပြီ” လို့ ပြောပါတယ်။  မက်ဆီနဲ့ပတ်သက်ပြီး ဂန္တဝင်ကစားသမားကြီးက “မက်ဆီဟာ ပြီးပြည့်စုံတဲ့ ကစားသမားကောင်းတဦးပါ။ ဒါပေမဲ့ တသင်းလုံးကို သူတစ်ယောက်တည်းတော့ မထမ်းပိုးထားနိုင်ပါဘူး” ထောက်ပြခဲ့ပါတယ်။  ၃၃ ပွဲစီကစားထားပြီး ဘာစီလိုနာအသင်းဟာ ရီးရဲလ်အသင်းထက် ၄ မှတ်လျှော့အနေအထားနဲ့ အဆင့်နှစ်နေရာမှာ ရောက်ရှိသွားပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up