ဘန်ချီဝဲလ်ကို မရပါက အဲဗာတန်နောက်ခံလူ ဒစ်နီကိုခေါ်ရန် ချဲလ်ဆီး  ပြင်ဆင်

လက်စတာနောက်ခံလူ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့ရင် အဲဗာတန်နောက်ခံလူ လူးကပ်ဒစ်နီကို အစားထိုးခေါ်ယူသွားဖို့ ချဲလ်ဆီးအသင်းဘက်က ပစ်မှတ်ထားနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။  ချဲလ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းအတွက် အေဂျက်ဇ်အသင်းက ဇီယတ်၊ လိုက်ပစ်ဇ်အသင်းရဲ့ တီမိုဝါနာတို့ကိုခေါ် ယူခဲ့ပြီဖြစ်တာကြောင့် အားနည်းချက်ရှိနေတဲ့ ဘယ်နောက်ခံလူနေရာအတွက် အားဖြည့်ဖို့ ဆောင်ရွက်နေပါတယ်။  ဒီနေရာအတွက် လမ်းပတ်က လက်စတာနောက်ခံလူ ဘန်ချီဝဲလ်ကို ပထမဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမယ့် ချီဝဲလ်ကိုမခေါ်နိုင်ခဲ့ရင် သူ့နေရာကိုအစားထိုးဖို့ ဒစ်နီကိုရွေးချယ်ထားတယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။  လက်စတာအသင်းက သူတို့ရဲ့ အင်္ဂလန်နောက်ခံလူအတွက် ပြောင်းရွေ့ကြေးကို ပေါင် ၇၅ သန်းအဖြစ် သတ်မှတ်ထားပါတယ်။  ဒါ့အပြင် ချီဝဲလ်ကို မန်စီတီးအသင်းကလည်း စိတ်ဝင်စားနေပြီး ချဲလ်ဆီးအသင်းအနေနဲ့ သူ့ကိုခေါ်ဖို့ဆိုရင် မြင့်မားတဲ့ပြောင်းရွေ့ကြေးအပြင် မန်စီတီးလို ငွေသုံးကြမ်းတဲ့အ သင်းနဲ့ အပြိုင်လုရမှာပဲဖြစ်ပါတယ်။  ဒါ့ကြောင့် ချဲလ်ဆီးတာဝန်ရှိသူတွေက ပိုပြီးတော့ ဈေးသက်သာမယ့် ဒစ်နီကိုနောက်ထပ်ရွေးချယ်မှုတခုအဖြစ် သတ်မှတ်ထားတယ်လို့ ESPN FC သတင်းမှာဖော်ပြထားပါတယ်။  ဒါပေမယ့် အဲဗာတန် ဘက်ကလည်း သူတို့ရဲ့ပြင်သစ်နောက်ခံလူကို အောက်ကြေးနဲ့ လက်လွှတ်ချင်ပုံမရပါဘူး။ ဒစ်နီဟာဘာစီလိုနာ အသင်းကနေ အဲဗာတန်အသင်းကို ပေါင် ၁၈ သန်းနဲ့ ၂၀၁၈ ခုနှစ်မှာ ရောက်ရှိခဲ့သူဖြစ်ပါတယ်။  သူဟာ အဲဗာတန်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ကစားသမားတဦးဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ်ရာသီအတွင်းမှာလည်း အဲဗာတန်အသင်းအတွက် ပုံမှန်ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။  လက်ရှိအချိန်အထိ ချဲလ်ဆီးအသင်းရော မန်စီတီးအသင်းကပါ ချီဝဲလ်ကိုခေါ်ယူဖို့ လက်လျော့ထားခြင်းတော့ မရှိသေးပါဘူး။  တဖက်မှာလည်း လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက သူ့ကစားသမားအပေါ် အသင်း ကြီးတွေရဲ့ အာရုံစိုက်မှုတွေရှိနေပေမယ့် စိုးရိမ်ကြောင်း ပြသထားခြင်းမရှိဘဲ ချီဝဲလ်ဟာ ဒီအခြေအနေတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းထားနိုင်တယ်လို့ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up