အောင်လအန်ဆန် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

ONE Championship လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမူကွန်ရက်စာမျက်နှာကနေ ထုတ်ဖော်ရေးသားလိုက်ပါတယ်။ “ချစ်ခင်ရပါသောမိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများခင်ဗျာ ကျွန်တော်တနင်္လာနေ့ တုန်းက ကိုဗစ်-၁၉စစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီး ဒီနေ့မှာတော့ ကျွန်တော်ဆီမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေထွက်လာပါတယ်။ ဒါကြောင့်ကျွန်တော်နဲ့ ကျွန်တော့်မိသားစု ကွာရန်တင်း ၁၄ ရက်နေထိုင်ရတော့မှာဖြစ်ပါတယ်။” လို့ အောင်လအန်ဆန်က  ရေးသားထားပါတယ်။ ကိုဗစ်-၁၉ ရောဂါလက္ခာတွေခံစားခဲ့ရကြောင်းနဲ့ သူ့ရဲ့မိသားစုကတော့ နေထိုင်ကောင်းမွန်တဲ့ အကြောင်းလည်း အောင်လအန်ဆန်က ပြောပါတယ်။  “နေထိုင်မကောင်းစဖြစ်တဲ့ ပထမနှစ်ရက်မှာတော့ အဖျားရှိတာ၊ အသက်ရှုရကြပ်တာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ မောပန်းတာတွေခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့် မိသားစုဝင်တွေကတော့ နေထိုင်ကောင်းပြီး ကောင်းမွန်စွာအဆင်ပြေနေတဲ့ ကောင်းချီးခံစားရပါတယ်။ ကျွန်တော်တို့ဒီအခြေအနေကို အတူတကွအကောင်းဆုံးရင်ဆိုင်ပြီး၊ ကျွန်တော်တို့ရင်ဆိုင်ကျော်လွှားသွားနိုင်မှာပါ။” အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ရွှေခါးပတ်လုပွဲအဖြစ် ပြိုင်ဘက်ဟောင်း  ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ချ်ဒက်နဲ့ ပြန်လည်ထိုးသတ်ဖို့ရှိရာမှာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် ပွဲကိုရွေ့ဆိုင်းထားခဲ့ရတာပါ။  အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့  အောင်လအန်ဆန်ဟာ  ကိုဗစ် ကပ်ဘေးကာလအတွင်း အားကစားရုံကို မသွားဘဲ နေအိမ်ခြံဝင်းထဲမှာ ပုံမှန်လေ့ကျင့်နေတာလည်း ဖြစ်ပါတယ်။ ဓာတ်ပုံ- AungLaNsang

//
More News
Up