Home
မြန်မာသတင်း
ဖားကန့် မြေပြိုမှုကြောင့် သေဆုံးသူ ၁၆၂ ဦးရှိလာ၊ ၅၄ ဦး ဒဏ်ရာရ
DVB
·
July 3, 2020
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအတွင်း မြေပြိုမှုကြောင့် ဇူလိုင် ၂ ရက် ည ၇ နာရီ ၁၅ မိနစ်အထိ သေဆုံးသူ ရုပ်အလောင်း ၁၆၂ ယောက်ကို ဆယ်ယူရရှိထားပြီး ဒဏ်ရာရရှိသူ စုစုပေါင်း ၅၄ ဦးရှိတယ်လို့  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖားကန့် နယ်မြေအတွင်း မြေပြိုမှုဖြစ်စဉ်တွေမှာ ရေမဆေးကျောက်ရှာဖွေသူတွေ သေဆုံးမှုဟာ အခုတကြိမ်မှာ အများဆုံးဖြစ်ပြီး ဒေသခံများ ပြောပြချက်အရ လူ ၂၀၀ ဝန်းကျင်နီးပါး ရှိတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်နေသူတဦးက "ပေါ်နေတဲ့ ရုပ်အလောင်းတွေ ရှိသေးတယ်။ ၇ နာရီ ၁၅ မှာ ရပ်လိုက်ရတယ်။ ရုပ်အလောင်းတွေ ဆယ်ပြီးပြီ၊ ညဆယ်ဖို့ မလွယ်ဘူး၊ ဘေးမှာက မြေတွေက စိတ်မချရဘူး ပြိုကျလာနိုင်သေးတယ်" လို့ ပြောပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ ရပ်ကွက်(၆)၊ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ (ဒေသအခေါ်  တစ်သုံးလုံး ကုမ္ပဏီ) မှာ ဇူလိုင် ၂ ရက်နေ့ မနက် ၆ နာရီခွဲလောက်က ကျင်းကမ်းပါး မြေပြိုမှုဖြစ်ပွားခဲ့တာပါ။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်ရေး လုပ်ငန်း ဆက်လုပ်နေပြီး မြေပြိုကျမှုကြောင့် ဒဏ်ရာရှိသူတွေဟာ ဖားကန့်ပြည်သူ့ဆေးရုံနဲ့ ဝှေခါ တိုက်နယ်ဆေးရုံတို့မှာ ဆေးကုသမှု ခံယူနေကာ ဆယ်သူထားတဲ့ ရုပ်အလောင်းတွေကို ဝှေခါသင်္ချိုင်း ဇရပ်မှာ ထားရှိတယ်လို့ သိရပါတယ်။ မြေပြိုကျမှုကြောင့် သေဆုံးရုပ်အလောင်းတွေကို မိသားစု ဘာသာအလိုက် သင်္ဂြိုဟ်ခွင့်ပြုမှာဖြစ်ပြီး ပြည်နယ်အစိုးရက ထောက်ပံ့ကူညီသွားမယ်လို့ သိရပါတယ်။ Photo - Tar Yar Lin Mg (RNA) / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024