ဖားကန့်မြေပြိုလူသေဆုံးမှုအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ကာချုပ်ရုံးထုတ်ပြန်
DVB
·
July 2, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေပြိုကျခဲ့ပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ များစွာဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တပ်မတော်အနေနဲ့ လိုအပ်တဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ကူညီဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ဇူလိုင် ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီနေ့မနက် ၈ နာရီလောက်က ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး လုပ်ငန်းတွေ ယာယီရပ်နားထားတဲ့ ရတနာကြယ် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်ရှိ အမြင့် ၁၀၀၀ ပေ အလျား ၇၀၀ ပေခန့် မြေသားတွေ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေတူးဖော်သူတွေ မျောပါသေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ညနေ ၆ နာရီအထိ သေဆုံးသူ ၁၂၃ ဦးနဲ့ ဒဏ်ရာရသူ ၃၁ ဦးရှိတယ်လို့ တပ်မတော်က ထုတ်ပြန်ထားပြီး မီးသတ်တပ်ဖွဲ့ကတော့ သေဆုံးသူ ၁၂၆ ဦးနဲ့ ဒဏ်ရာရသူ ၂၃ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-CINCDS