ပင်နီဆူလာပလာဇာရှိ တရားမဝင်ငွေလွှဲလုပ်ကိုင်သည့်  ဆိုင် ၆ ဆိုင်ကို စင်ကာပူရဲစစ်ဆေး

စင်ကာပူနိုင်ငံ ပင်နီဆူလာပလာဇာရှိ ဆိုင် ၆ ဆိုင်က လုပ်ငန်းလည်ပတ်နေသူတွေကို စင်ကာပူရဲတွေက စုံစမ်းစစ်ဆေး နေပါတယ်။ သူတို့ဟာ နိုင်ငံဖြတ်ကျော် တရားမဝင် ငွေလွှဲလုပ်ငန်းကို လိုင်စင်မဲ့ လုပ်နေတယ်လို့ စွပ်စွဲခံ ထားရပါတယ်။  ပင်နီဆူလာမှ စီးပွားရေးဌာန၊ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး ဌာနနဲ့ ဗဟိုရဲတပ်ခွဲ၊ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာတို့ရဲ့ ဇွန်လ ၂၈ရက် ပူးတွဲစစ်ဆင်ရေးအတွင်း စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ဒေါ်လာ ၄၆၀၀၀၀  ကျော်၊ ကွန်ပြူတာတွေနဲ့ တခြားနယ်စပ်ဖြတ်ကျော် ငွေလွှဲ လုပ်ငန်းသုံး ပစ္စည်းတွေကိုလည်း အာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။ ငွေကြေးလုပ်ငန်း အက်ဥပဒေအောက်မှာ စင်ကာပူငွေကြေးဆိုင်ရာအာဏာပိုင်အဖွဲ့က ထုတ်ပေးထားတဲ့ လိုင်စင်မရှိဘဲ စင်ကာပူနိုင်ငံထဲမှာ ငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းကို လုပ်ရင် ဘယ်သူမဆို ပြစ်မှု မြောက်ပါတယ်။ ပြစ်မှုထင်ရှားရင် ကျူးလွန်သူဟာ ဒေါ်လာ ၁၂၅၀၀၀ နဲ့ ထောင်ဒဏ် ၃ နှစ်ထိ ပြစ်ဒဏ်ကို ပူးတွဲဖြစ်စေ သီးခြားစီ ဖြစ်စေ ကျခံရ နိုင်ပါတယ်။ တခြားနိုင်ငံကို ငွေလွှဲချင်သူတွေအနေနဲ့ ဘဏ်ကနေဖြစ်စေ လိုင်စင်ရ ငွေလွှဲလုပ်ငန်း ဆီကနေဖြစ်စေ လွှဲပေးကြဖို့ စင်ကာပူရဲတပ်ဖွဲ့က သတိပေးထားတဲ့ အကြောင်း သည်စထရိတ်တိုင်းမ်စ် သတင်းဌာနက ရေးပါတယ်။ စင်ကာပူနိုင်ငံရှိ ပင်နီဆူလာပလာဇာမှာ မြန်မာဆိုင်တွေလည်း အများအပြား ဖွင့်လှစ်ထားတာဖြစ်ပြီး မြန်မာနိုင်ငံသားတွေ အသွားအလာများတဲ့ နေရာလည်းဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up