Home
မြန်မာသတင်း
လွိုင်ကော်ရှိ နောင်ယားကန်တံတားအား ဖျက်ဆီးခဲ့သည့် လူငယ် ၁၂ ဦးကို အမှုဖွင့်အရေးယူ 
နော်နိုရင်း
·
July 2, 2020
ကယားပြည်နယ်၊ လွိုင်ကော်မြိုရဲ့ အထင်ကရနေရာတခုဖြစ်တဲ့ နောင်ယားကန်ရှိ ကံဖြတ်တံတားဘောင်အား အုပ်စုဖွဲ့ ဖျက်ဆီးမှုနဲ့  လူငယ် ၁၂ ဦးကို အမှုဖွင့်ဖမ်းဆီးထားတယ်လို့ လွိုင်ကော် မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်လင်းထွန်းက ပြောပါတယ်။ ဇွန်လ ၃၀ ရက်နေ့ညက နောင်ယားကန်တံတားမှာ အုပ်စုဖွဲ့မူးယစ်အော်ဟစ်ပြီး တံတားဘောင်ကိုရိုက်ဖျက်ခဲ့လို့ လူငယ် ၁၂ ဦးကို ရဲစခန်းက ဖမ်းဆီးထားပြီး ၇ ဦးမှာ အသက်မပြည့်တဲ့အတွက် စခန်းမှူးရဲ့စောင်ကြပ်မှုအောက်မှာ ထားရှိပြီး ကျန် ၅ ဦးကိုတော့ ရဲစခန်းမှာ ချုပ်ရမန်ယူထားကြောင်းလည်း ပြောပါတယ်။ သူတို့ကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆ (၁) နဲ့ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တရားလိုလုပ်တိုင်ကြားတဲ့အတွက် မနေ့ဇွန်လ ၁ ရက်နေ့က အမှုဖွင့်ပေး ခဲ့ကြောင်းလည်း ဒုရဲမှူးကျော်လင်းထွန်းက ပြောပါတယ်။ နောင်ယားကန်မှာ တာဝန်ကျတဲ့စည်ပင်သာယာဝန်ထမ်းတဦးက “အဲညက ၉ နာရီလည်း ကျော်လာပြီဆိုတော့ ရဲကညီလေးတို့ အေးဆေးပြန်လိုက်တော့ ဘာညာသွားပြောတာကို ရဲကိုပြန်ပြီး ပြဿနာရှာတယ်။ ဆဲဆိုပြီးတော့ တံတားဟိုးအပေါ်ကို တက်သွားပြီးတော့ မီးဆိုင်းတွေဘာတွေ သူတို့ရိုက်ချိုးတယ်။ ရိုက်ချိုးပြီးတော့ သတ္တိရှိရင်လိုက်ခဲ့တဲ့။ ချမယ်ပြုမယ်နဲ့ အင်အားကလည်းများတာကော၊ များတော့ ရဲကလည်းနောက်ကတော့ လိုက်သွားတယ်။ လိုက်ပြီးတော့ တပ်ဖွဲ့ဝင်တွေထပ်ခေါ်တာပေါ့။ ထပ်ခေါ်ပြီးတော့ အဲဒီမှာ ပိတ်ပြီးဖမ်းတာ။ ဖမ်းတော့ ဟိုဘက်ကုန်းပေါ်မှာ ဖမ်းမိတာပေါ့။ တချို့လည်းထွက်ပြေး ကုန်တယ်။ ”လို့ ပြောပါတယ်။ လွိုင်ကော်မြို့ရှိ နောင်ယားကန်အပါအဝင်  ဘီလူးချောင်းဘေးတွေမှာ တပ်ဆင်ထားတဲ့ ထိုင်ခုံတွေလည်း  မကြာခဏ ဆိုသလို ဖျက်ဆီးခံထားရပါတယ်။ ဒီလို အများပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုကြောင့် အုပ်စုလိုက်တရားစွဲဆိုတာ ဒါပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆ (၁) ကျူးလွန်ပါက  ထောင်ဒဏ်အများဆုံး ၇ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေချမှတ်နိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024