ပရီးမီးယားလိဂ်နှင့် အံဝင်မည့်စားသမားဟု ပါတေးကို ထရစ်ပီးယား ချီးကျူး

အာဆင်နယ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ သောမတ်စ်ပါတေး‌ဟာ ပရီးမီးယားလိဂ်နဲ် အံဝင်မယ့်ကစားသမား ဖြစ်တယ်လို့ အက်သလက်တီကိုအသင်းဖော် ကီရန်ထရစ်ပီးယားက ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။ ပါတေးဟာ အက်သလက်တီကိုအသင်း အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အသင်းကြီးကို ရောက်ရှိခဲ့ကာ ဆီမြွန်နီရဲ့လူစာရင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသထားသူ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါတေးဟာ အက်သလက်တီကိုအသင်းအတွက် ၁၇၉ ပွဲ ကစားပေးပြီး ၁၅ ဂိုး သွင်းယူထားကာ အသင်းနဲ့ ဥရောပဖလား၊ UEFA စူပါဖလားတို့ကိုလည်း ဆွတ်ခူးထားနိုင်သူ ဖြစ်ပါတယ်။  အခုရာသီဟာ အက်သလက်တီကိုအတွက် ပါတေးရဲ့ အကောင်းဆုံးရာသီလို့ သတ်မှတ်နိုင်ပြီး သူဟာ လီဗာပူးအသင်းနဲ့ ၁၆ အသင်းအဆင့် ပွဲစဉ် နှစ်ပွဲလုံးမှာ အသင်းအတွက် အထူးခြေစွမ်းပြခဲ့ပါတယ်။  ဒီပွဲစဉ်အပြီးမှာ သူ့ကို လီဗာပူးအသင်းက ခေါ်ယူတော့မယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေတွေအရ ဂါနာ လက်ရွေးစင်အတွက် အသင်းသစ်ဟာ အာဆင်နယ်အသင်း ဖြစ်လာဖို့ များနေပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ အာဆင်နယ်အသင်းရဲ့ လူစာရင်းကို ပြောင်းလဲမှုတချို့ ပြုလုပ်သွားဖို့ဆန္ဒရှိနေပြီး ပါတေးရဲ့ ပေါင် ၄၅ သန်းတန် စာချုပ်ဖျက်သိမ်းကြေးအတိုင်း ပေးချေသွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။  ဒီအခြေအနေမှာ အင်္ဂလန်ကွင်းလယ်လူ ထရစ်ပီးယားက သူ့အသင်းဖော်နဲ့ပတ်သက်လို့ ပြောဆိုသွားခဲ့တာဖြစ်ပြီး ပါတေးကို အက်သလက်တီကိုမှာ ဆက်ရှိနေတာ မြင်ချင်ပေမယ့် သူ အသင်းပြောင်းသွားရင်လည်း ပရီးမီးယားလိဂ်ဟာ သူ့အတွက် အံဝင်ဖို့ မခက်ခဲဘူးလို့ သုံးသပ်ပါတယ်။ “သူက မယုံနိုင်လောက်အောင်ကိုကောင်းတဲ့ ကစားသမားပါ။ သူဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိသလို တစ်ဖက်အသင်းရဲ့ ကစားကွက်ကို ဖျက်ဆီးပစ်တဲ့နေရာမှာလည်း ဆရာတစ်ဆူပါပဲ။ နည်းစနစ်ပိုင်းအရ သူဟာ အားလုံးကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ ကျနော် တွဲကစားဖူးသမျှ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်သလို သူ့ရဲ့ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကြောင့်လည်း ပရီးမီးယားလိဂ်ကို ပြောင်းဖြစ်မယ်ဆိုရင် သူ့အတွက် ပြဿနာမရှိနိုင်ပါဘူး” လို့ ထရစ်ပီးယားက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up