ချဲလ်ဆီးကို ရွေးချယ်ဖြစ်ခဲ့သည့်အကြောင်း တီမိုဝါနာ ပြော

သူ့ကို ခေါ်ယူချင်ခဲ့တဲ့အသင်းတွေထဲမှာ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ပါဝင်ခဲ့ပြီး ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ဟာ ပိုက်ဆံကြောင့် မဟုတ်ကြောင်း တိုက်စစ်မှူး တီမိုဝါနာက ပြောပါတယ်။ ဒီရာသီကုန်ရင် ချဲလ်ဆီးအသင်းနဲ့ လာရောက်ပူးပေါင်းတော့မယ့် ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူးဟာ အသင်းဟောင်း လိုက်ပစ်ဇ်မှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ဥရောပအသင်းကြီး များစွာရဲ့ စောင့်ကြည့်မှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒီအသင်းတွေထဲမှာ လီဗာပူးအသင်းက ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး မန်နေဂျာ ယာဂန်ကလော့ပ် ကိုယ်တိုင် ဝါနာကို အန်ဖီးလ်ဆီ ပြောင်းလာဖို့ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းက ဒီကစားသမားကို ပေါင် ၅၃ သန်းနဲ့ အခုလအစောပိုင်းမှာ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီး တိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုကာ တပတ်ကို ပေါင် ၁၇၀,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှူးဟာ ဒီရာသီမှာ လိုက်ပစ်ဇ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ချဲလ်ဆီး ကစားသမားဖြစ်ခဲ့ပြီးတဲ့နောက် လက်ရှိအချိန်မှာ အသင်းသစ်နဲ့အတူ ဆုဖလားတွေ ဆွတ်ခူးသွားဖို့ အဓိကရည်ရွယ်ထားတယ်လို့ ဝါနာက Sprotbuzzer နဲ့ အင်တာဗျူးမှာ ပြောပါတယ်။  “ကိုရိုနာဗိုင်းရပ်စ် ပေါ်ပေါက်နေချိန် ဖြစ်တာကြောင့် ကျနော့်မှာ စဉ်းစားဖို့ အချိန်ရခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော့်ကို ကမ်းလှမ်းမှုများစွာ ရှိခဲ့ပါတယ်” လို့ ဝါနာက ပြောပါတယ်။ လီဗာပူးနဲ့ မန်ယူနိုက်တက်အသင်းတို့ဘက်က စိတ်ဝင်စားမှုတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာလည်း ဝါနာက “ဒီအခြေအနေတွေ ရှိခဲ့ပါတယ်။ ကျနော့်ကို လိုချင်တဲ့ အသင်းတွေထဲကမှ ချဲလ်ဆီအသင်းရဲ့ ကမ်းလှမ်းမှုဟာ ကျနော့်အတွက်၊ ကျနော့် ကစားသမားဘဝ အတွက် အဆင်ပြေဆုံးဖြစ်လို့ ဒီအသင်းကို ရွေးချယ်ဖြစ်ခဲ့ပါတယ်” လို့ ပြောပါတယ်။ “ဒီအခြေအနေမှာ ငွေကြေးကိစ္စက အနည်းငယ်သာ အရေးပါမှု ရှိခဲ့ပါတယ်။ ကျနော့်အတွက် ပိုက်ဆံဆိုတာ ဘယ်တော့မှ အဆုံးဖြတ်ပေးတဲ့ကိစ္စ မဟုတ်ခဲ့ပါဘူး။ တကယ်သာ ကျနော် ပိုက်ဆံမက်တယ်ဆိုရင် တရုတ်ကလပ်တွေကိုပဲ ရွေးချယ်ခဲ့မှာပေါ့။ ချဲလ်ဆီးအသင်းဟာ ဥရောပမှာလည်း တန်းဝင်အသင်းတစ်သင်း ဖြစ်ပါတယ်။ ကစားသမားကောင်းတွေရှိတဲ့ အသင်းကောင်းတစ်သင်း ဖြစ်ပြီးတော့ ကျနော်တို့ ထိပ်ဆုံးနေရာတွေကို စိန်ခေါ်သွားချင်ပါတယ်။ ကျနော့်ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့လည်း နည်းနည်းလေးမှ နောင်တရနေမှာ မဟုတ်ပါဘူး” လို့ ဝါနာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up