လာလီဂါချန်ပီယံဆုကို ကာကွယ်ရန် ခက်ခဲသွားပြီဟု ဘာကာကွင်းလယ်လူပြော 

ဘာစီလိုနာအသင်းဟာ လာလီဂါချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းဖို့အတွက် မလွယ်တော့ဘူးလို့ ကွင်းလယ်လူ ဘတ်စ်ကွတ်က ဝန်ခံပြောဆိုလိုက်ပါတယ်။ အက်သလက်တီကိုအအသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲပြီးနောက် အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဘာကာတိုက်စစ်မှူး မက်ဆီက သူ့ရဲ့ပရောဖက်ရှင်နယ်က ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်စေမယ့် ဂိုးကို ပင်နယ်တီကနေတဆင့် သွင်းယူပေးနိုင်ခဲ့ပြီး ဘာကာအသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ ဦးဆောင်နိုင်အောင် စွမ်းဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ မက်ဆီရဲ့ panenka စတိုင် ပင်နယ်တီကန်ချက်က ဘာကာအသင်းအတွက် အနိုင်ရရှိဖို့လုံလောက်မှုမရှိခဲ့ဘဲ အက်သလက်တီကို ကွင်းလယ်လူ နီဂွယ်ဆောရဲ့ ပင်နယ်တီ ချေပဂိုးကြောင့် တစ်မှတ်သာ ရရှိခဲ့ပါတယ်။ ဒီသရေကျမှုကြောင့် ဘာကာအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တစ်မှတ်ကွာ အနေအထားကို ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ကြာသပတေးနေ့မှာ ကန်မယ့် ဂီတာဖေးနဲ့ပွဲမှာသာ ရီးရဲလ်အသင်းက အနိုင်ရရှိခဲ့မယ်ဆိုရင် နှစ်သင်းကြား အမှတ်ကွာဟချက်ဟာ ၄ မှတ်အထိ မြင့်တက်လာတော့မှာ ဖြစ်ပါတယ်။ ဒီအခြေနေကို ချေဖျက်ဖို့အတွက် ဘာစီလိုနာအသင်းဟာ နောက်ထပ် ၅ ပွဲ ထပ်ကစားဖို့ လိုအပ်နေသေးပေမယ့်လည်း ဘတ်စ်ကွတ်ဟာ သူတို့ရဲ့အခြေအနေဟာ ကိုယ်တိုင်ဖန်တီးယူလို့ရတဲ့ အနေအထားမှာ မရှိလောက်တော့ဘူးလို့ ဝန်ခံပါတယ်‌။ “ခင်ဗျားအသင်းက နှစ်ပွဲဆက်တိုက် နှစ်မှတ်စီ ဆုံးရှုံးခဲ့မယ်ဆိုရင် ချန်ပီယံလုပွဲဟာ ပိုပြီးတော့ ရှုပ်ထွေးလာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားပါမယ်”လို့ ဘတ်စ်ကွတ်က ပြောပါတယ်။ ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်းကို ဒီယေဂိုကော်စတာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပင်နယ်တီနှစ်လုံး ပြန်ပေးလိုက်ရတာကြောင့် သရေရလဒ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။  “ကျနော်တို့ ပထမပိုင်းမှာ အကောင်းဆုံးအခြေအနေတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုဟာ ခက်ခဲတဲ့ ပြိုင်ဘက်အသင်းတစ်သင်းပါ။ ကျနော်တို့ပွဲကို စိုးမိုးပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ပင်နယ်တီနှစ်လုံးက ပွဲကို အဆုံးအဖြတ်ပေးသွားခဲ့တာပါ။ ဒါဟာ ရှက်ဖို့ကောင်းပါတယ်” လို့လည်း ဘတ်စ်ကွတ်က ညည်းတွားခဲ့ပါတယ်။ မက်ဆီရဲ့ ထောင့်ကန်ဘော ကန်တင်မှုကနေတဆင့် ကော်စတာက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာဖြစ်ပြီး အက်သလက်တီကိုအသင်း ရရှိခဲ့တဲ့ ပင်နယ်တီ နှစ်လုံးစလုံးကတော့ အက်သလက်တီကို တိုက်စစ်ကစားသမား ကာရက်စ်ကိုနဲ့ ပတ်သက်နေပါတယ်။ အမှတ်တွေ ဆက်တိုက်လျော့ကျခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ လာလီဂါချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းဖို့ဟာလည်း အနည်းငယ် အလှမ်းဝေးသွားခဲ့ပြီလို့ ဘတ်စကွတ်က ဝန်ခံခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up