ထိုင်းနိုင်ငံက ပြန်လာသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
July 2, 2020
ဇူလိုင် ၁ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၃၉၃ ခုအား စစ်ဆေးချက်အရ ထိုင်းနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက်ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) က ဓာတ်ခွဲနမူနာ ၃၉၃ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၁ ဦး တွေ့ရှိခဲ့တာပါ။
အသက် ၁၈ နှစ်အရွယ် လူနာသစ် အမှတ် ၃၀၄ ဟာ ပဲခူးမြို့မှာ အသွားအလာ ကန့်သတ်ထားသူဖြစ်ပြီး ပဲခူးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။
မနေ့ညက ဓာတ်ခွဲနမူနာ ၉၄၇ ခု စစ်ဆေးရာမှာလည်း အင်္ဂလန်နိုင်ငံနဲ့ ယူအေအီးနိုင်ငံတို့က ပြန်လာတဲ့ အမျိုးသား ၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လူနာသစ် ၄ ဦးကတော့ အင်္ဂလန်နိုင်ငံက ပြန်လာသူ ၂ ဦးနဲ့ ယူအေအီးနိုင်ငံက ပြန်လာသူ ၂ ဦးတို့ဖြစ်ပြီး လှည်းကူးမြို့နယ်နဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့မှာ အသွားအလာကန့်သတ် စောင့်ကြပ်ခံထားရသူတွေဖြစ်ပါတယ်။
ဇူလိုင် ၂ ရက်၊ မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၃၀၄ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ် ဆက်တိုက်ပိုးမတွေ့ရှိသူ ၂၂၂ ဦးနဲ့ ဒီအထဲက ၂၁၆ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။