Home
မေးမြန်းခန်း
ကျောက်မဲဒေသတိုက်ပွဲနှင့်စပ်လျဉ်း၍ RCSS ဗိုလ်မှူးကြီး စိုင်းအုမ်ခေးနှင့် DVB မေးမြန်းချက်  
နန်းမြနဒီ
·
July 1, 2020
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ ဇွန် ၂၅ ရက်မှ ၂၉ ရက်အထိ  ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA)အဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ ပစ်ခတ်မှုတွေရှိခဲ့ပြီး  ရွာသားပေါင်း ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ကာ ရွာသား ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ (RCSS/SSA) အဖွဲ့ဟာ အစိုးရနဲ့ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်သလို တပ်မတော်ကလည်း ဒီဒေသမှာ အပစ်ရပ်ကြေညာထားတဲ့ကြားက ပစ်ခတ်မှုတွေဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအုမ်ခေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။  မေး - ကျောက်မဲဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွင်း တပ်မတော်နဲ့ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဘယ်ကနေ ဘယ်လိုစဖြစ်ရပါသလဲ။  ဖြေ- “ဘယ်ကနေစဖြစ်သလဲဆိုတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနား လုပ်ခဲ့တာကနေ စတာပေါ့နော်။ ဇွန်လ ၂၆ ရက်နေ့ကျရင် ကျောက်မဲမြို့နယ်ထဲက ကျနော်တို့ လှုပ်ရှားနယ်မြေ ဟဲကွီအုပ်စုထဲမှာ  မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားလုပ်မယ်။ ဖမ်းဆီးရမိထားတဲ့မူးယစ်ဆေးတွေ မီးရှို့မယ်။ အဲဒီမှာ လုံခြုံရေးယူဖို့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ရောက်လာဖို့ရှိတယ်ဆိုပြီး ကျောက်မဲ ဆက်ဆံရေးရုံး တာဝန်ခံကနေ တဆင့် မြန်မာ့ တပ်မတော်ဘက်ကို  ၂၄ ရက်နေ့က ကြိုတင် အကြောင်းကြားခဲ့ပါတယ်။ ၂၅ ရက်နေ့မှာတော့ ခလရ ၂၅၆  မြန်မာ့တပ်မတော်က ပုံဝိုး ၊ ဟဲကွီအုပ်စုထဲက တောအုပ်တွေထဲရောက်လာပြီး ရင်ဆိုင်တွေ့ထိမှုရှိခဲ့တယ်။ အဲဒါကြောင့် ညနေပိုင်းမှာ ကျနော်တို့ ကျောက်မဲ ဆက်ဆံရေးရုံးကနေပြီး တပ်မတော်ဘက်ကို ထပ်ပြီးအကြောင်းကြားတယ်။ ၂၆ ရက်နေ့ အခမ်း အနားအတွက် ကျနော်တို့တပ်ဖွဲ့ဝင်တွေရောက်လာတာ။ အခမ်းအနားလည်း ရုပ်သိမ်းလို့ မဖြစ်ဘူး။ တပ်ဖွဲ့ဝင်တွေလည်းပြန်လို့မရသေးဘူး။ အဲဒီတော့ မလိုလား အပ်တဲ့ထိတွေ့မှု မဖြစ်ဖို့  မြန်မာ့တပ်မတော်အနေနဲ့ ဝင်မလာဖို့ပြောခဲ့ပါတယ်။ ၂၆ ရက်နေ့မှာ အခမ်းအနားလုပ်တယ်။ ရွာသားတွေကိုလည်းဖိတ်တယ်။  အဲဒီနေ့ အေးအေး ဆေးဆေးပဲ ပြီးသွားတယ်။ ၂၇ ရက်နေ့မှာတော့ ကျနော်တို့လုံခြုံရေးအဖွဲ့တွေ ပြန်ဖို့ တောထဲမှာ ဖြတ်လာတုန်း မြန်မာ့တပ်မတော်နဲ့ ထပ်တိုးပြန်တယ် ပြီးတော့ ပစ်ခတ်ကြတယ်။  အဲဒီ ပုံဝိုး ဟဲကွီ အုပ်စု ထဲမှာဘဲ ၊ ကြာတော့မကြာဘူး။ ခဏပါပဲ။  ၂၈ ရက်နေ့မှာ ခလရ ၁၀၁ ၊ ခလရ၂၅၆ ၊ ခလရ ၁၄၇ ၊  ၂၂ ၊ ၂၃ စတဲ့ တပ်ရင်း ၅ ခုက အင်အား ၁၀၀ ကျော် တောထဲဝင်ရောက်လာလို့  ကျနော်တို့တပ်ဖွဲ့ဝင်တွေနဲ့ ထပ်ပြီး ပစ်ခတ်မှုဖြစ်တယ်။  ၃ ကြိမ်ပေါ့ အဲဒါကတော့ ပန်လော့အုပ်စု  ပိန်းနိမ်၊ အက်ကီး၊ ရေဆန် ဆိုတဲ့ရွာတွေနဲ့ နီးတယ်။”  မေး - အဲဒီလို ပစ်ခတ်တော့ နှစ်ဘက်တပ်တွေ ထိခိုက်ဒဏ်ရာရမှုအခြေအနေ ဘယ်လိုရှိပါသလဲ။  ဖြေ- “ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရသူမရှိပါဘူး။ တပ်မတော်ဘက်တော့ မပြောတတ်ဘူး။ ရှိရင်ရှိနိုင်ပါတယ်။”  မေး -ရွာသားတွေ သေဆုံးဒဏ်ရာရတာရှိတယ်လို့လည်း သိရပါတယ်။  အဲဒါက ဘယ်လိုဖြစ်တာပါလဲ။ ဖြေ -   “ ဇွန်လ ၂၉ ရက်နေ့ မနက် ၈ နာရီလောက်မှာ သီပေါအခြေစိုက် ခလရ ၂၃ တပ်က ဟဲကွီအုပ်စု ပန်ကျင်ရွာထဲမှာ RCSS ရှိတယ်ထင်ပြီး လက်နက်ကြီး လက်နက်ငယ် မော်တာတွေနဲ့ ပစ်တယ်။ အဲဒီမှာ လုံးမွန်းဆိုတဲ့ အသက် ၆၀ အရွယ် ရွာသား တစ်ဦး လက်နက်မှန်ပြီး ပွဲချင်းပြီး ဆုံးသွားပါတယ်။ ပြီးတော့ အသက် ၅၀ ကျော်ရွယ် ပါနန်းဆိုင်ဆိုတဲ့ ရွာသူက ဒဏ်ရာရခဲ့တယ်။ အမှန်က အဲဒီရွာမှာ RCSS တပ်သားတစ်ယောက်မှမရှိဘူး။ ကျနော်တို့က ဟိုးတောထဲမှာ သေနတ်သံဆိုအဝေးက နေဘဲကြားရတာ။ အဲဒီရွာမှာ တိုက်ပွဲမဖြစ်ဘူး။ တပ်မတော်က တဘက်သတ် ပစ်တာ။” “ပြီးတော့ နောက်ထပ် ရွာသားတစ်ယောက်ဒဏ်ရာရတယ်။ အက်ကီးရွာက စိုင်းမောင်ခေတဲ့ အသက် ၅၀ ကျော် ၊  သူကတော့ လက်နက်ကြီးထိတာ မဟုတ်ဘူး ၊ တပ်မတော်က သူ့ကို လမ်းပြ လုပ်ဖို့ခေါ်တာကို သူကငြင်းလို့ အထိုးခံရတာ။  ခလရ ၂၄၇ တပ်က အက်ကီးရွာရောက်တော့ ရွာသားတွေကို ပေါ်တာဆွဲတယ်။ အိုက်မောင်ကို သူတို့ကိုလမ်းပြလိုက်လုပ်ဖို့ပြောတော့ အိုက်မောင်က မသွားရဲဘူးဆိုပြီး အင်တင်တင်လုပ်လို့ ရွာပြင်ထိဆွဲခေါ်သွားတယ်။ ရွာပြင်မှာ သူ့ခေါင်းကို ထုတယ်။ သူ့ကိုယ်ကိုထိုးပြီး ထားပစ်ခဲ့တယ်။ ရွာသားတွေက မေ့လဲနေတဲ့သူ့ကို ပွေ့ပြီးပြန်ခေါ်လာတာ အခုကျောက်မဲဆေးရုံမှာ။ နောက်ထပ် ပေါ်တာ ဆွဲခံရတဲ့ သားအမိ၂ ယောက်ကတော့ အရိုက်မခံရဘူး။ ပြန်လွတ်လာပြီ။ အဲဒီနေ့က အဲလိုဖမ်းဆီးတာတွေရှိတော့ တရွာလုံးကြောက်ပြီးထွက်ပြေးကြတာ။” မေး - အဲဒီဒေသမှာ ခုနောက်ဆုံးရအခြေအနေရော ဘယ်လိုရှိပါသလဲ။ နှစ်ဘက်တပ်တွေ ဆုတ်ခွာသွားကြပြီလား။  ဖြေ - “ဒီကနေ့ (ဇွန်လ ၃၀) ရက်နေ့တော့ ငြိမ်နေပါတယ်ခင်ဗျ။ မြန်မာ့တပ်မတော်ဘက်က နည်းနည်းဆုတ်ခွာသွားတယ်။ ကျနော်တို့ဘက်ကတော့ နဂိုလှုပ်ရှားခဲ့တဲ့နေရာမှာပဲ။” မေး - RCSS က တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေး လမ်းစဉ်အတိုင်း အစိုးရနဲ့ ၊ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေတာလည်းတွေ့ရပါတယ်။  အခုလို ပစ်ခတ်မှုဖြစ်ရတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ငြိမ်းချမ်းရေးကော်မရှင်တွေဆီ အကြောင်းကြားတာ၊ ပြဿနာဖြေရှင်းပေးဖို့ ပြောတာတွေ ရှိပါသလား။  ဖြေ - “ ငြိမ်းချမ်းရေးကော်မရှင်တွေ ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) တွေနဲ့ ဆက်သွယ်တာတော့ ဌာနချုပ်ကလုပ်ပါလိမ့်မယ်။ ကျနော်တို့ကတော့ ကျောက်မဲဆက်ဆံရေးရုံးကနေပဲ ဆက်သွယ်တာရှိပါတယ်။ နောက်ကို အခုလိုထိတွေ့ ပစ်ခတ်မှုတွေမရှိအောင်ပေါ့။” မေး -  ကျောက်မဲမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘာထပ်ပြောချင်ပါသလဲ။ ဖြေ - “ဒီပစ်ခတ်မှုမှာ ရွာသားတွေ အပေါ်ထိခိုက်မှုရှိတာဟာ နှစ်ဘက်ပစ်ခတ်နေတဲ့ကြားက လက်နက်ထိမှန်တာမဟုတ်ဘဲ မြန်မာ့တပ်မတော်က တစ်ဘက်တည်းပစ်လို့ ဖြစ်ရတာဖြစ်တယ်။ ဒါကြောင့် သူတို့ထိခိုက်မှုတွေပေါ် အစိုးရ ၊ တပ်မတော်အနေနဲ့ ဘယ်လိုတာဝန်ယူမလဲ ကူညီပေးမလဲဆိုတာတော့ သိချင်တယ်။ ခုလိုပစ်ခတ်မှုတွေ မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ မဖြစ်ဘူးလို့လည်း အာမခံလို့မရဘူး။  ကျနော်တို့လှုပ်ရှားသွားလာနေတဲ့ နယ်မြေ တောထဲတောင်ထဲကို တပ်မတော်က တောနင်း ဝင်ရောက်လာရင် ဖြစ်ချင်ဖြစ်မှာပဲ။ အခုဖြစ်သွားတာက တပ်မတော်ဗဟိုရဲ့ ညွှန်ကြားချက်ကြောင့်မဟုတ်ဘူးလို့ ယုံကြည်တယ်။ အောက်ခြေနယ်မြေထဲက တပ်ရင်းတပ်ဖွဲ့တွေပဲဆိုတော့ ကြီးကြီးမားမားထိတွေ့တိုက်ခိုက်မှုတွေ ရှိမှာမဟုတ်ဘူးလို့ ယုံကြည်မျှော်လင့်ပါတယ်။”  မေး - ဒီပစ်ခတ်မှုကြောင့် ရွာသားတွေ သေဆုံး ၊ ဒဏ်ရာရ ထွက်ပြေးရတဲ့အပေါ်မှာရော ဘာပြောလိုပါသလဲ။  ‌ဖြေ - “ခုနကလည်း ကျနော်ပြောသွားပါတယ်။ ကျနော်တို့ တိုက်ပွဲဖြစ်လို့မဟုတ်ဘူး။ တပ်မတော်က တဘက်သတ်ပစ်လို့ ဖြစ်ရတာ။ ဘာပဲဖြစ်ဖြစ် ထိခိုက်သေဆုံး ဒဏ်ရာရသူတွေကို ကျနော်တို့ တတ်နိုင်သလောက် ဆေးဖိုးဝါးခတွေ ထောက်ပံ့ပေးဖို့ ရှိပါတယ်ခင်ဗျ။” ဟုတ်ကဲ့ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024