Home
မြန်မာသတင်း
ရေဦးမြို့နယ်က ကျေးရွာချင်းဆက် ကျောက်ချောလမ်း အရည်အသွေးမပြည့်မီသဖြင့် ဒေသခံများ တိုင်ကြား
Aung Ko Latt
·
July 1, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊  ရေဦးမြို့နယ်မှာ  ကျေးရွာချင်းဆက် ကျောက်ချောလမ်း အရည်အသွေးမပြည့်မီတဲ့အတွက် သွားလာရေးမှာ အခက်အခဲတွေဖြစ်ပေါ်နေပြီး ဒီကိစ္စ သက်ဆိုင်ရာက ဖြေရှင်းဆောင်ရွက်ပေးဖို့ ဒေသခံတွေကို တိုင်ကြားထားပါတယ်။ ရေဦးမြို့နယ်၊ ဆပ်သေ-တူမောင်း-ဝသဲ ကျောက်ချောလမ်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ကျပ်သိန်းပေါင်း ၂၂၀၀ နဲ့ Agate ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့တာပါ။ လမ်းပိုင်းက ပြီးစီးခဲ့ပေမဲ့ တင်ဒါ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘဲ အရည်အသွေးမပြည့်တဲ့အတွက် အသုံးမပြုခင်က ပျက်စီးတဲ့အနေအထားရောက်ရှိနေပြီး နိုင်ငံ ဘဏ္ဍာငွေတွေ အလေအလွင့်ဖြစ်တဲ့အနေအထားရောက်ရှိနေတာပါ။  ဒီအတွက် ကျေးရွာလမ်းကော်မတီက အဂတိတိုက်ဖျက်ရေးကော်မရှင်၊ အစိုးရ၊ လွှတ်တော်တို့ကို တင်ပြခဲ့ပေမယ့် ထူးခြားမှု မရှိတာကြောင့် သက်ဆိုင်ရာက ဖြေရှင်းပေးဖို့ ဒေသခံတွေ လွှတ်တော်ရေးရာကော်မတီထံ တိုင်ကြားထားပါတယ်။ တိုင်ကြားသူ ဦးကျော်ထက်က"ပြည်သူ့လွှတ်တော် ရေးရာကော်မတီကို တိုင်ကြားတော့ ကော်မတီကနေ ကျနော်တို့ လမ်းကော်မတီတွေ၊ ရပ်ရွာလူထုတွေရဲ့ ဖြေရှင်းချက်တွေမပါဘဲ ကျေးလက်ဌာနနှင့် အရည်အသွေး စစ်ဆေးရေးအဖွဲ့တွေရဲ့ စစ်ဆေးချက်တွေကိုပဲယူပြီး ပြန်စာပို့ထားတယ်။ ကျနော်တို့လိုချင်တာက မြေပြင်ကို လက်တွေ့လာပြီး လမ်းကော်မတီရယ်၊ ကုမ္ပဏီရယ်၊ တာဝန်ယူဖြေရှင်းပေးမယ့်အဖွဲ့ရယ် ၃ ခု မျက်နှာချင်းဆိုင်ဖြေရှင်းတာကို လိုချင်တာ။ အဂတိကော်မရှင်ကိုလည်း တိုင်ထားတယ်။ ကော်မရှင်ကနေ တိုင်းအစိုးရကို စိစစ်ဖို့ ဇန်နဝါရီလကတည်းက လွှဲထားတယ်။ ရက်ပေါင်း ၆၀ အတွင်း ပြန်တင်ပြဖို့လည်း ပါတယ်။ အခုထိ ဘာမှ မထူးသေးဘူး။"လို့ ပြောပါတယ်။ ကျောက်ချောလမ်းအရှည် ၃ ဒသမ ၂ ကီလိုမီတာကို ကုမ္ပဏီက အရည်အသွေးအာမခံ ၂ နှစ်ထားရှိဖို့ စာချုပ်မှာ ပါဝင်ပေမယ့် စတင်စဉ်ကတည်းက အရည်အသွေးလျော့နည်းခဲ့သလို တချို့နေရာတွေမှာ ပျက်စီးစပြုနေပြီဖြစ်ပါတယ်။  ပြည်သူ့လွှတ်တော် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီရဲ့ အစီရင်ခံစာမှာတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီခန့်ပါတဲ့ အရည်အသွေး စစ်ဆေးရေးအဖွဲ့၊ Third Party ကုမ္ပဏီတို့က လက်ခံတာတွေ့ရပြီး လိုအပ်တာတွေ ပြင်ဆင်ပေးပြီးရင် တာဝန်ယူဆောင်ရွက်တဲ့ Agate ကုမ္ပဏီကို အရေးယူဖို့ မလိုဘူးလို့လည်း ဖော်ပြထားပါတယ်။ ရေဦးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက "မကျေနပ်လို့ ပြည်သူတစ်ယောက်အနေနဲ့ တိုင်ကြားဖို့ ကြိုးစားကြတာ တိုင်ခွင့်ရှိတယ်။ တိုင်တဲ့နေရာမှာလည်း ပြည်သူတစ်ယောက်အနေနဲ့ တိုင်တာ လက်ခံတယ်။ တိုင်ပြီးတဲ့အခါမှာလည်း စစ်ဆေးပိုင်ခွင့်ရှိသူတွေရဲ့ အကျိုးအကြောင်းစစ်ဆေးတွေ့ရှိချက်ကိုတော့ ရေရေလည်လည် ကြေကြေလည်လည် ဆွေးနွေးပြီး လက်ခံပေးဖို့လိုမယ်။ တွေ့ရှိချက်ကို လက်ခံတယ်။ ကုမ္ပဏီက အသုံးမကျလို့ Black List ထည့်ဆိုလည်း သူ့ဟာသူလုပ်လိမ့်မယ် ဌာနဆိုင်ရာက။ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူတွေက လာဘ်ပေးလာဘ်ယူပေါ်ပေါက်တယ်ဆိုရင်လည်း သူ့ဘာသူ အဂတိတိုက်ဖျက်ရေးကော်မရှင်နဲ့ တွေ့လိမ့်မယ်။ ငါတို့ကိုယ်စားလှယ်တွေကလည်း အဲလိုပဲ။ ဖြေရှင်းချက်ကိုတော့ သူတို့ လက်ခံဖို့လိုမယ်။"လို့ ပြောပါတယ်။ ကျေးရွာချင်းဆက်လမ်းက မိုးရွာချိန်မှာ ရွှံ့ဗွက်တွေထနေပြီး သွားလာရေးမှာ အဆင်မပြေတွေ ဖြစ်နေရတာကြောင့် အစိုးရအနေနဲ့ အမြန်ဆုံး စစ်ဆေးပြီး ကျေးရွာပြည်သူတွေနဲ့ ညှိနှိုင်းပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024