ထိုင်းနိုင်ငံတဝန်း စာသင်ကျောင်းများ ပြန်ဖွင့်

2K
ထိုင်းနိုင်ငံတဝန်းက စာသင်ကျောင်းတွေကို ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် လနဲ့ချီ ပိတ်ထားခဲ့ပြီးနောက် ဇူလိုင် ၁ ရက်မှာ ပြန်ဖွင့်ခဲ့ပါတယ်။
ကျောင်းပြန်ဖွင့်ချိန်မှာ မြို့တော် ဘန်ကောက်မြောက်ဘက် ဆမ်ခေါ့ပ်ကျောင်းကို ကျောင်းသား ကျောင်းသူ ၅၀၀၀ နီးပါး ပြန်တက်ခဲ့ပါတယ်။ ကျောင်းပြန်တက်ကြတဲ့ ကလေးငယ်တွေဟာ နှာခေါင်းစည်းတွေ တပ်ထားသလို ကျောင်းကပေးတဲ့ မျက်နှာကာတွေနဲ့ အပူချိန် စစ်ဆေးတာတွေကို ခံယူခဲ့ပါတယ်။
ကျောင်းပြန်မတက်ခင် ကျောင်းသားအားလုံးဟာ နေအိမ်မှာ ၁၅ ရက် အသွားအလာ ကန့်သတ်မှု ခံယူရတယ်လို့ ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။ ဒါ့အပြင် ဆမ်ခေါ့ပ်ကျောင်းမှာ မဲပုံးဟောင်းတွေကိုလည်း ကျောင်းသားအချင်းချင်း ခြားထားတဲ့ အကန့်တွေအဖြစ် ပြောင်းလဲထားတယ်လို့ သိရပါတယ်။
ဇူလိုင် ၁ ရက်ဟာ ထိုင်းနိုင်ငံမှာ ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်မရှိတဲ့ ၃၇ ရက်မြောက်နေ့ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃,၁၇၃ ယောက် ရှိပြီး သေဆုံးသူ ၅၈ ယောက် ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။