အာဆင်နယ်အသင်း ကစားသမားတဝက်ကို ရှင်းထုတ်ရန် ဘန်တလေ အကြံပြု

အောင်မြင်မှုတွေကို ပြန်လည်ရှာဖွေဖို့အတွက် အာဆင်နယ်နည်းပြ အာတီတားဟာ လက်ရှိအသင်းက ကစားသမားတဝက်လောက်ကို ရှင်းထုတ်လိုက်သင့်တယ်လို့ ဒေးဗစ်ဘန်တလေက အကြံပြု ပြောပါတယ်။ ဒီကစားသမား တဝက်လောက်ဟာ အာဆင်နယ်အသင်းမှာ ကစားဖို့ ထိုက်တန်မှု မရှိဘူးလို့လည်း သူက ယူဆထားပါတယ်။ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ခဲ့ပြီးနောက် ကစားခဲ့တဲ့ ပထမဆုံးပွဲစဉ် နှစ်ပွဲလုံးကို ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေချာ မရောရာတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီး၊ ဘရိုက်တန်တို့ကို ရှုံးနိမ့်ပြီး ပရီးမီးယားလိဂ်မှာ ဆောက်သမ်တန်ကို ပြန်လည်အနိုင်ရရှိကာ ရှက်ဖီးလ်ကို အနိုင်ယူပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်တို့ကို ရောက်ရှိသွားခဲ့ပေမဲ့အသင်းမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ အာဆင်နယ်အကယ်ဒမီ ကစားသမားဟောင်း ဘန်တလေက သုံးသပ်ပါတယ်။ “အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေ ဘာတွေတွေးနေလဲဆိုတာ ကျနော် မသိပေမယ့် အသင်းကတော့ ကစားသမား တဝက်လောက်ကို အပြောင်းအလဲလုပ်ဖို့ လိုအပ်နေပါတယ်” လို့ ဒေးဗစ်ဘန်တလေက 888Sport နဲ့ အင်တာဗျူးအစီအစဉ်မှာ ပြောပါတယ်။ ဘန်တလေက အာဆင်နယ်အသင်းရဲ့ ဒေးဗစ်လူးဝစ္စနဲ့ပတ်သက်တဲ့ အကြောင်းအရာကို ထောက်ပြ ပြောဆိုသွားခဲ့ပြီးတော့ လူးဝစ္စဟာ အသင်းအတွက် အခက်အခဲ ဖြစ်စေတယ်လို့ ပြောပါတယ်။  “အသင်းရဲ့ ကစားသမားသစ် ခေါ်ယူမှုနဲ့ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေမှာ အားနည်းချက် ရှိနေပုံပါပဲ။ နောက်တန်း ၄ ယောက်နဲ့ပတ်သက်တဲ့ ခေါ်ယူမှုတွေကတော့ တကယ်ကို ဆိုးရွားပါတယ်။ ဒေးဗစ်လူးဝစ္စလိုပေါ့‌။ သူဟာ နည်းစနစ်ပိုင်းကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ လူငယ်တွေကို ဦးဆောင်ပြီး နိုင်လိုစိတ်ရိုက်သွင်းနိုင်တဲ့ အခြေအနေမှာတော့ အားနည်းချက်ရှိပါတယ်။ သူ့ကို ဘာကြောင့် စာချုပ်သစ် ချုပ်ဆိုခဲ့လဲ တကယ်ကို နားမလည်နိုင်အောင်ပါပဲ။ ကျနော်သာဆို သူ့အစား ဂယ်ရီကာဟေးလ်ကို ပြောင်းလဲစဉ်းစားသွားမှာပါ” လို့လည်း ဘန်တလေက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။ ပွဲစဉ် ၇ ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာ အာဆင်နယ်ဟာ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၁၁ မှတ်အထိ ကွာဟနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up